
ထိုင်းအစိုးရရဲ့ တရားဝင်ဖိတ်ကြားချက်နဲ့ ထိုင်းနိုင်ငံကို ရောက်ရှိလာတဲ့ စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်ကို မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေက ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့မှာ ဩဂုတ် ၆ ရက် နေ့လယ်က ဆန္ဒပြခဲ့ကြပါတယ်။
အနက်ရောင်တီရှပ်ဝတ် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေဟာ “မအလ မင်းလို ရာဇဝတ်ကောင်ကို မကြိုဆိုပါ”၊ “မင်းအောင်လှိုင် အလိုမရှိ” စတဲ့ ပိုစတာတွေ ကိုင်ဆောင်ပြီး စစ်အာဏာရှင်အား ဆန့်ကျင်ကြောင်းနဲ့ ဒီမိုကရေစီကို ထောက်ခံကြောင်း ဆန္ဒပြခဲ့ပါတယ်။
ဆန္ဒပြသူတွေဟာ ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြုတေး၊ သွေးသစ္စာ၊ ကမ္ဘာမကြေဘူး စတဲ့ မြန်မာ့နိုင်ငံရေးသီချင်းတွေ ဖွင့်လှစ်သီဆိုကာ ပိုစတာတွေထောင်ပြခဲ့တယ်လို့ ဆန္ဒပြခေါင်းဆောင်တယောက်က ပြောပါတယ်။
“မင်းအောင်လှိုင်ရဲ့ အစိုးရဟာ မြန်မာပြည်သူတွေရဲ့ အစိုးရမဟုတ်ဘူး၊ ပြည်သူတွေက သူ့ကို အစိုးရလို့ မသတ်မှတ်ဘူး၊ အာဆီယံကတောင် မသတ်မှတ်ဘူး။ အဲဒါကို ထိုင်းအစိုးရကို သိစေချင်တယ်။ မင်းအောင်လှိုင်ဟာ ပြည်တွင်းက မြန်မာပြည်သူလူထုတွေကို ဒုက္ခပေးရုံတင်မကဘဲ ပြည်ပရောက်နေတဲ့ ပြည်သူတွေ၊ အလုပ်သမားတွေကိုပါ ဒုက္ခရောက်အောင်လုပ်တယ်၊ CI အစိမ်းရောင် စာအုပ်ကြေး ၂ ဆ၊ ၃ ဆ တိုးကောက်တယ်။ အိမ်ကို ၂၅ ရာခိုင်နှုန်း အတင်းအကျပ် ပြန်လွှဲခိုင်းတယ်။ အစိုးရဘဏ်ကနေပဲ လွှဲခိုင်းတယ်။ ပတ်စ်ပို့ သက်တမ်းတိုးရဖို့အရေး အမျိုးမျိုး အကျပ်ကိုင်တယ်။ မြန်မာ့အရေး ရွှေ့ပြောင်းလုပ်သားအရေးတွေကို မင်းအောင်လှိုင် စစ်အစိုးရနဲ့ မဆွေးနွေးဘဲ NUG အစိုးရ ကိုယ်စားလှယ်တွေနဲ့သာ ဆွေးနွေးသင့်တယ်။ မြန်မာပြည်သူတွေကို ကိုယ်စားမပြုတဲ့ မင်းအောင်လှိုင်ကို ဖိတ်ခေါ်တာကို လက်မခံနိုင်ဘူး။ မင်းအောင်လှိုင်သည် ပြည်သူတွေကို ဒုက္ခပေးတဲ့ အ-မင်္ဂလာကောင် ဖြစ်တယ်။ ထိုင်းဝန်ကြီးချုပ်ဟာ မင်္ဂလာမရှိသောသူနဲ့ မဆက်ဆံသင့်ဘူး” လို့ သတင်းထောက်တွေကို ပြောပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံဟာ မြန်မာပြည်ဘက်က ဝန်ထုပ်ဝန်ပိုးတွေကို သယ်ဆောင်ထားလို့ သနားစရာ ကောင်းတယ်။ မူးယစ်ဆေးဝါးတွေ၊ စကဲင်မာ ကျားဖြန့်ဂိုဏ်းတွေ၊ လူကုန်ကူးမှု၊ တရားမဝင် လက်နက်သယ်ဆောင်မှု ပြဿနာတွေဟာ မြန်မာပြည်ဘက်က လာတာချည်း၊ ရှမ်းပြည်နယ်က ဘိန်းစိုက်ပျိုးမှုအများဆုံး၊ ကရင်ပြည်နယ်က စကဲင်မာ ကျားဖြန့်ဂိုဏ်း အများဆုံးထွက်တယ်။ သူတို့ဟာ အဲဒီလိုလုပ်နိုင်ဖို့ မင်းအောင်လှိုင်နဲ့ အပေးအယူလုပ်ရတယ်။ ဒါကြောင့် ထိုင်းကို ဝန်ပိစေတဲ့ ဒီပြဿနာတွေဟာ မင်းအောင်လှိုင်ပေါ် အဓိကကျတယ်၊ ဒီလိုလူကို မဖိတ်ခေါ်သင့် မဆွေးနွေးသင့်ဘူးလို့ ဆန္ဒပြခေါင်းဆောင်က ပြောသွားပါတယ်။
ဆန္ဒပြသူတွေက သတင်းထောက်ရဲ့ မေးခွန်းတွေ ဖြေပေးနေစဉ် ထိုင်းအမျိုးသားတယောက်က ဝင်ရောက်လာပြီး ကန့်ကွက် ဆဲဆိုခဲ့ပါတယ်။
“ဒါက ထိုင်းနိုင်ငံဆိုတာ မင်းသိရဲ့လား၊ မင်းတို့ ဒီမှာ ကောင်းကောင်းမွန်မွန် အလုပ်လုပ်စားဖို့ ထိုင်းရဲတွေက ကာကွယ်ပေးနေတာ။ မင်းတို့ ဒီလို ဆန္ဒပြခွင့်မရှိဘူး၊ ထိုင်းတွေပဲ ဆန္ဒပြခွင့်ရှိတယ်၊ ဒါ မင်းတို့အလုပ်မဟုတ်ဘူး၊ ကိုယ့်အလုပ်ကို အေးဆေးလုပ်၊ တိရစ္ဆာန်ကောင်တွေ” လို့ ရိုင်းပြစွာ ဆဲဆိုပါတယ်။
အနီးနားရှိလူတွေက သူ့ကိုဖျန်ဖြေပြီး အပြင်ကို ဆွဲခေါ်သွားတာကြောင့် အချေအတင်ဖြစ်ခဲ့ခြင်း မရှိပါဘူး။
အဆိုပါဆန္ဒပြမှုကို သက်ဆိုင်ရာသို့ ကြိုတင်ခွင့်တောင်းပြီး လူဦးရေကန့်သတ်ထားတာကြောင့် မြန်မာ့အရေးလှုပ်ရှားသူ အနည်းငယ်သာ လာရောက်နိုင်ကြောင်း ဆန္ဒပြသူတွေက ပြောပါတယ်။
ဒီမတိုင်ခင်ကတော့ “ခွေးမောင်းပွဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဘန်ကောက် UN ရုံးရှေ့မှာ မအလကို ဆန္ဒပြမဲ့အကြောင်း နှိုးဆော်ပိုစတာတွေ လူမှုကွန်ရက်မှာ ဖြန့်ဝေနေကြပါတယ်။
Source: The Reporter Live News










