DVB Logo
Home
မြန်မာသတင်း
တာချီလိတ်မှ ထိုင်းသို့ တရားမဝင် ပြန်လာသည့် ထိုင်းအမျိုးသမီး ၃ ဦးတွင် ကိုဗစ်-၁၉ တွေ့ရှိ
DVB
·
December 1, 2020
တာချီလိတ်မှ ထိုင်းသို့ တရားမဝင် ပြန်လာသည့် ထိုင်းအမျိုးသမီး ၃ ဦးတွင် ကိုဗစ်-၁၉ တွေ့ရှိ
Donate to DVB

မြန်မာဘက်ခြမ်း တာချီလိတ်မှာ အလုပ်လာလုပ်ပြီး ထိုင်းနိုင်ငံဘက်ကို တရားမဝင် ပြန်သွားတဲ့ ထိုင်းအမျိုးသမီး သုံးယောက်မှာ ကိုဗစ်-၁၉ ကူးစက်ခံထားရတာကို တွေ့ရှိတယ်လို့ ထိုင်းနိုင်ငံ ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေ စီမံကွပ်ကဲရေးဗဟိုဌာန CCSA က  ထုတ်ပြန်ပါတယ်။ 

အဆိုပါ အမျိုးသမီး သုံးယောက်ဟာ တာချီလိတ်ရှိ ကာရာအိုကေဆိုင်မှာ အလုပ်သွားလုပ်ပြီး ထိုင်းနိုင်ငံထဲကို တောလမ်းကနေ တရားမဝင် ပြန်လည်ဝင်ရောက်ခဲ့ကြပြီးနောက် နေထိုင်မကောင်းဖြစ်လို့ ဆေးခန်း၊ ဆေးရုံသွားပြရာက ကိုဗစ်-၁၉ ကူးစက်ခံထားရတာကို စစ်ဆေးတွေ့ရှိတာလို့ ဆိုပါတယ်။ 

ပထမအမျိုးသမီးမှာ အသက် ၂၉  နှစ်ရွယ်ရှိပြီး မယ်ဆိုင်ကနေ ချင်းမိုင်ကို နိုဝင်ဘာ ၂၄ ရက်နေ့က ဝင်ရောက်ခဲ့ကြောင်း၊ နေမကောင်းလို့ ဆေးခန်းသွားပြရာက  နိုဝင်ဘာ ၂၆ မှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိပြီး လက်ရှိ မယ့်လိမ်းမြို့နယ် နခွန်းဖိင်းဆေးရုံမှာ ကုသနေတယ်လို့ ဆိုပါတယ်။  ဒီအမျိုးသမီးဟာ နိုဝင်ဘာ ၂၃ ရက်က တာချီလိတ်မှာ ရှိစဉ်ကတည်းက နေမကောင်းချင်သလို ဖြစ်နေပြီး ချင်းမိုင်ရောက်တော့ ဆေးရုံကို တန်းမသွားဘဲ ကုန်တိုက်၊ ရုပ်ရှင်ရုံနဲ့ ကာရာအိုကေဆိုင်တွေပါ သွားခဲ့လို့ သူသွားခဲ့တဲ့ စင်ထရယ်လ်ကုန်တိုက်ကြီးကိုလည်း ၁ ရက်ပိတ်ပြီး သန့်ရှင်းရေးလုပ်ခဲ့ရသလို သူနဲ့ထိတွေ့ ဆက်နွှယ်သူအားလုံးကိုလည်း ဆေးလာစစ်ဖို့ သက်ဆိုင်ရာက ကြေညာထားတယ်လို့ ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။ 

နောက်ထပ် အမျိုးသမီးနှစ်ယောက်ကတော့ အသက် ၂၆ နှစ်ရွယ်ရှိ ချင်းရိုင်းသူတစ်ဦးနဲ့ အသက် ၂၃ နှစ်ရွယ်ရှိ ဖယောဝ်းသူတို့ဖြစ်ပြီး သူတို့နှစ်ယောက်ဟာ နိုဝင်ဘာ ၂၇ ရက်နေ့က ထိုင်းနိုင်ငံထဲကို တောလမ်းကနေ တရားမဝင် ပြန်ဝင်ခဲ့သူတွေ ဖြစ်ပါတယ်။

သူတို့နှစ်ယောက်လုံး ချောင်းဆိုးပြီး ကိုယ်တွေပူလို့ ဆေးခန်းသွားပြရာမှာ နိုဝင်ဘာ ၂၉ မှာ ကိုဗစ်-၁၉ ပိုးတွေ့ကြောင်း အဖြေထွက်လာတာလို့ ချင်းရိုင်းခရိုင် ကိုဗစ် ထိန်းချုပ်ရေးကော်မတီက နိုဝင်ဘာ ၃၀ မှာ ထုတ်ပြန်ပါတယ်။

သူတို့နှစ်‌ယောက်ဟာလည်း ချင်းမိုင်မှာ ပိုးတွေ့ထားတဲ့ တာချီလိတ်က ပြန်လာသူ အမျိုးသမီးနဲ့ တအုပ်စုတည်းဖြစ်ပြီး လက်ရှိချင်းရိုင်းခရိုင်ပချားနုခေါ့ဆေးရုံကြီးမှာ ကုသနေကာ သူတို့နဲ့ ထိတွေ့ခဲ့တဲ့ ဟိုတယ်ဝန်ထမ်း၊ ဆိုင်ကယ်တက္ကစီသမားနဲ့ စားသောက်ဆိုင်က ဝင်ဝန်းတွေအားလုံးကိုလည်း ဆေးလာစစ်ဖို့ ချင်းရိုင်းခရိုင် ကိုဗစ်-၁၉ ကွပ်ကဲရေးအဖွဲ့က ကြေညာထားပါတယ်။ 

အခုလို တရားမဝင် ဝင်ရောက်လာသူထံမှ ကိုဗစ်-၁၉ ပိုးတွေ့တဲ့နောက် နယ်စပ်လုံခြုံရေးကို ပိုမိုတင်းကျပ်ခဲ့ရာမှာ နိုဝင်ဘာ ၃၀ နေ့မှာလည်း တာချီလိတ်ဘက်ကနေ မယ်ဆိုင်ချောင်းကို ဖြတ်ပြီး တရားမဝင် ဝင်လာတဲ့ ထိုင်းနိုင်ငံသား ၈ ဦး နဲ့  ထိုင်းမှာ ၁၀ နှစ် နေထိုင်ခွင့်ကတ်နဲ့ နေထိုင်သူ မြန်မာ ၄ ဦးကို ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ Mae Sai Press ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ထိုင်းလူမျိုး ၈ ဦးဟာ ပွဲစားကို တစ်ယောက် ဘတ်ငွေ ၆၅၀၀ စီပေးပြီး ဝင်ရောက်ခဲ့ကာ အဖမ်းခံရပြီးတဲ့နောက် ကိုယ့်စရိတ်နဲ့ကိုယ် ကွာရန်တင်း ၁၄ ရက်ဝင်ရမှာ ဖြစ်ပါတယ်။  မြန်မာ ၄ ဦးကတော့ ပြည်သူ့ကျန်းမာရေးဌာနမှာ ကိုဗစ်-၁၉ စစ်ဆေးမှုအရင်ခံယူကာ တရားမဝင်ခိုးဝင်မှုတွေနဲ့ အရေးယူခံရမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူတို့ ၁၂ ဦးလုံးဟာ ကိုဗစ်-၁၉ ကာကွယ်ရေးဥပဒေနဲ့လည်း အရေးယူ အပြစ်ပေးခံရဦးမှာ ဖြစ်ပါတယ်။ 

အလားတူ တာ့ခ်ခရိုင် မဲဆောက်ဘက်မှာလည်း မြဝတီဘက်ကနေ သောင်ရင်းမြစ်ကို ဖြတ်ကျော်ပြီး တရားမဝင် ဝင်ရောက်မှုတွေ ရှိနေပြန်ပါတယ် ။ 

နိုဝင်ဘာ ၃၀ ရက် မနက်ပိုင်းက မဲဆောက်မြို့ ထာ့ဆိုင်လွတ်ရပ်ကွက်ရှိ သောင်ရင်းမြစ်ကမ်းဘေးမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာအမျိုးသား ၃ ဦးကို တာဝန်ရှိသူတွေ ဖမ်းဆီးရမိခဲ့ပြီး သူတို့ဟာ ထိုင်းမှာ အလုပ်လာလုပ်ဖို့ ဝင်လာတာလို့ ဝန်ခံထားကြောင်း ချန်နယ်လ် ၇ ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။ 

မြန်မာနိုင်ငံမှာ လတ်တလော ကိုဗစ်-၁၉ ကူးစက်မှု မြင့်မားနေတာကြောင့် မြန်မာနိုင်ငံထဲ ရောက်ရှိနေတဲ့ ထိုင်းနိုင်ငံသားတွေအနေနဲ့ ထိုင်းနိုင်ငံထဲ ပြန်ဝင်ချင်တယ်ဆိုရင် ၂၀၂၀ ဒီဇင်ဘာလ ၁ ရက်နေ့ကစလို့ နှစ်ဘက်နိုင်ငံက သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီ ဆက်သွယ်အကြောင်းကြားကာ တရားဝင်လမ်းကြောင်းကနေ ပြန်ဝင်လာဖို့ ချင်းရိုင်းခရိုင်ဝန်က ထုတ်ပြန်ထားပါတယ်။ 

ကိုးကား- DailyNews/Khaosod/MaeaiNews/Sanook/ChiangmaiNews

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013