DVB Logo
Home
မြန်မာသတင်း
အပစ်ရပ်ရေးအတွက် တပ်မတော်နှင့်အေအေ အသေးစိတ်ဆွေးနွေးဖွယ်ရှိဟု ဂျပန် အထူးကိုယ်စားလှယ်ပြော
DVB
·
November 29, 2020
အပစ်ရပ်ရေးအတွက် တပ်မတော်နှင့်အေအေ အသေးစိတ်ဆွေးနွေးဖွယ်ရှိဟု ဂျပန် အထူးကိုယ်စားလှယ်ပြော
Donate to DVB

တပ်မတော်နဲ့ အေအေတပ်ဖွဲ့တို့ကြားမှာ စေ့စပ်ညှိနှိုင်းမှုတွေ ရှိနေပြီး အပစ်အခတ်ရပ်စဲရေးအတွက် အသေးစိတ် ဆက်လက်ဆွေးနွေးသွားဖွယ်ရှိတယ်လို့ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်နိုင်ငံအထူးကိုယ်စားလှယ်က ပြောဆိုပါတယ်။ 

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ရေးအတွက် တပ်မတော်နဲ့ အေအေကြားမှာ ဂျပန်နိုင်ငံအစိုးရက ဝင်ရောက်ညှိနှိုင်းပေးနေသလို တခြားအဖွဲ့အစည်းတွေလည်း ညှိနှိုင်းမှုတွေရှိတယ်လို့ နှစ်ဘက်စလုံးက ထုတ်ဖော်ပြောဆိုထားပါတယ်။ 

တပ်မတော်နဲ့အေအေကြားမှာ အပစ်အခတ် ရပ်စဲနိုင်ဖို့ ဝင်ရောက်ညှိနှိုင်းပေးနေတဲ့ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်နိုင်ငံအထူးကိုယ်စားလှယ်နဲ့အဖွဲ့က နိုဝင်ဘာ ၂၈ ရက်နေ့က ရခိုင်ပြည်နယ်ကို ရောက်ရှိခဲ့ပြီး ဒေသခံတွေ၊ နိုင်ငံရေးပါတီတွေ၊ မီဒီယာတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာ ယို‌ဟေးဆာဆာကာဝါက “မြန်မာနိုင်ငံရဲ့အရှေ့ဘက်အခြမ်းမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့နဲ့ ကြားထဲမှာ အပစ်အခတ်ရပ်စဲနိုင်ရေးဖို့ ကြိုးစားခဲ့ပြီးဖြစ်သလို အခုချိန်ထိ အပစ်အခတ်ရပ်စဲမှုတွေ မလုပ်နိုင်သေးတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ အပါအဝင် အခြားအဖွဲ့စည်းတွေလည်း ကျန်ရှိနေသေးပါတယ်။ အဲဒီအပေါ်မှာလည်း ကြိုးစားဆောင်ရွက်သွားမှာပါ။ ဒါက ကျနော့်ရဲ့ တာဝန်တခုဖြစ်ပြီး တပ်မတော်နဲ့ အေအေကြားမှာလည်း အပစ်အခတ်ရပ်စဲဖို့ နှစ်ဘက်စလုံးကို မေတ္တာရပ်ခံခဲ့ပါတယ်။ အခုဆိုရင် သူတို့ကြားမှာ စေ့စပ်ညှိနှိုင်းမှုတွေမှာ သေချာတာတခု ရှိနေပြီဖြစ်တာကြောင့် အသေးစိတ်တွေဆက်ပြီး ဆွေးနွေးသွားမယ်လို့ ထင်ပါတယ်။”

အခုလိုမျိုး ဆွေးနွေးမှုတွေကနေတဆင့် ယုံကြည်မှုတည်ဆောက်ပြီး တစ်ဆင့်ခံဆွေးနွေးမှုတွေ ကြားခံဆွေးနွေးမှုတွေကို အဆက်မပြတ်လုပ်ပြီး အရင်ဆုံး သေနတ်အသံတိတ်အောင် လုပ်ရမယ်လို့ တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုပါတယ်။

တပ်မတော်ရော အေအေအဖွဲ့ဘက်ကတော့ သူတို့ ၂ ဖွဲ့ကြားမှာ ဝင်ရောက်ညှိနှိုင်းပေးနေတဲ့သူတွေ ရှိတယ်ဆိုတာကိုသာ ပြောဆိုထားပြီး အတိအကျ ထုတ်ဖော်ပြောဆိုထားတာမရှိသလို တဆင့်ခံဆွေးနွေးမှုတွေကိုပဲ လုပ်ဆောင်နေတာလို့ နှစ်ဘက် စလုံးက ပြောဆိုပါတယ်။ 

အေအေ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့ နှစ်ဘက် တွေ့ဆုံဆွေးနွေးလို့ရအောင် ကြားခံညှိနှိုင်းပေးနေတဲ့သူတွေဆီကနေ တဆင့် ဆက်လက်ညှိနှိုင်းနေပြီး ရွေးကောက်ပွဲမလုပ်နိုင်ခဲ့တဲ့နေရာတွေမှာ ရွေးကောက်ပွဲလုပ်နိုင်တဲ့ လုံခြုံရေးဖြစ်အောင် ညှိနှိုင်းနေတာလည်း ရှိတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိတဲ့ နယ်မြေတွေမှာ ကြားဖြတ်ရွေးကောက်ပွဲကို ဒီဇင်ဘာ ၃၁ ရက်နေ့မတိုင်မီ ကျင်းပနိုင်ဖို့ ရက္ခိုင့်တပ်တော်( အေအေ)က ၂၀၂၀ ရွေးကောက်ပွဲအပြီးမှာ ထုတ်ပြန်ထားပါတယ်။ 

အဲဒီ ထုတ်ပြန်ချက်ကို ကြိုဆိုတဲ့အကြောင်းနဲ့ ရွေးကောက်ပွဲကျင်းပဖို့ ကျန်တဲ့နေရာတွေမှာ ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်ဖို့ အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးကလည်း ထုတ်ပြန်ထားပါတယ်။ 

ရွေးကောက်ပွဲကျင်းပဖို့ နှစ်ဘက်စလုံးက အပစ်အခတ်ရပ်စဲဖို့လိုပြီး အဲလိုမလုပ်ရင် ရွေးကောက်ပွဲကျင်းပနိုင်မှာ မဟုတ်တဲ့အတွက် နှစ်ဘက် ပူးပေါင်းဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံထားတယ်လို့ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်နိုင်ငံ အထူးကိုယ်စားလှယ် မစ္စတာယို‌ဟေးဆာဆာကာဝါက ပြောဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013