
စစ်ပွဲအဆုံးသတ်ရေး အမေရိကန်နဲ့ အီရန်သမ္မတတွေ လက်မှတ်ထိုးထားတဲ့ ကနဦး သဘောတူစာချုပ်ကို နှစ်ဖက်စလုံးက ဇွန် ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။
ကတိကဝတ်တွေကို လိုက်နာဖို့ ပျက်ကွက်ရင်တော့ တိုက်ခိုက်မှုတွေ ပြန်စမှာဖြစ်ပြီး အီရန်တာဝန်ရှိသူတွေကို သုတ်သင်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ခြိမ်းခြောက်ခဲ့ပါတယ်။
အချက် ၁၄ ချက် ပါဝင်တဲ့ ဒီစာချုပ်ကို ထရမ့်ပ်နဲ့ အီရန်သမ္မတ မာဆွတ်ပေဇက်ရှ်ခီယန် တို့က အွန်လိုင်းကနေတဆင့် လက်မှတ်ရေးထိုးခဲ့ကြတာပါ။
ဒီစာချုပ်မှာ အီရန်အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေ ရုပ်သိမ်းရေး၊ ပိတ်ဆို့ခံထားရတဲ့ ရန်ပုံငွေတွေ ပြန်လွှဲပေးရေးနဲ့ အီရန်ပြန်လည်ထူထောင်ရေးအတွက် ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမှုတွေ ပါဝင်ပါတယ်။
အီရန်ဘက်ကလည်း နျူကလီးယားလက်နက်တွေ မထုတ်လုပ်ဖို့နဲ့ ယူရေနီယမ်သန့်စင်မှုတွေကို လျှော့ချဖို့ သဘောတူခဲ့ပါတယ်။
ပြင်သစ်နိုင်ငံမှာကျင်းပတဲ့ G7 ထိပ်သီးအစည်းအဝေးမှာ ခေါင်းဆောင်တွေက ဒီသဘောတူညီချက် ကို ကြိုဆိုခဲ့ကြပြီး လက်ဘနွန်မှာပါ အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဒါပေမဲ့ အစ္စရေးကတော့ ဒီသဘောတူညီချက်မှာ မပါဝင်ဘဲ လက်ဘနွန်တောင်ပိုင်းက ဟစ်ဇ်ဘိုလာတွေကို ဆက်လက်တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု အနေနဲ့ အင်အားအလွန်အကျွံမသုံးဖို့ ထရမ့်ပ်က သတိပေးခဲ့ပါတယ်။
ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်နိုင်မဲ့ အလားအလာတွေကြောင့် ဇွန် ၁၇ ရက်မှာ ရေနံဈေးတွေ ထပ်ကျသွားပါတယ်။
အီရန်စစ်ပွဲ ဖြစ်ပြီးနောက်ပိုင်း အနိမ့်ဆုံးနှုန်းအဖြစ် နိုင်ငံတကာ စံစျေးနှုန်းဖြစ်တဲ့ ဘရန့်ရေနံစိမ်း ကြိုပွိုင့်ဈေးဟာ ၈၀ ဒေါ်လာအောက်ကို ရောက်ရှိသွားခဲ့ပါတယ်။










