DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ရန် ကမ္ဘာ့ဘဏ်က မြန်မာကို ကန်ဒေါ်လာသန်း ၆၀ ချေးမည်
DVB
·
November 29, 2020
ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ရန် ကမ္ဘာ့ဘဏ်က မြန်မာကို ကန်ဒေါ်လာသန်း ၆၀ ချေးမည်
Donate to DVB

ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူဖို့ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့ဘဏ်ဆီက ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၆၀ ရမှာဖြစ်ပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ Ms. Mariam Sherman ဦးဆောင်တဲ့အဖွဲ့နဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးတို့ ဗီဒီယိုကွန်ဖရင့်နဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ပြောခဲ့ကြတာပါ။

ဝန်ကြီး ဦးစိုးဝင်းနဲ့ Ms. Mariam Sherman တို့ဟာ နိုဝင်ဘာ ၂၆ ရက်က ဝန်ကြီးရုံးမှာ ဆွေးနွေးခဲ့တာဖြစ်ပြီး ကမ္ဘာ့ဘဏ်ရဲ့ Global COVID-19 Multiphase Programmatic Approach (MPA) အစီအစဉ်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူနိုင်ရေးအတွက် ကမ္ဘာ့နိုင်ငံတွေကို အမေရိကန်ဒေါ်လာ သန်း ၁၂၀၀၀ ထောက်ပံ့ဖို့ ကမ္ဘာ့ဘဏ်က အတည်ပြုခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ထပ်ဆောင်းရန်ပုံငွေ ရနိုင်တဲ့အခွင့်အလမ်းတွေ၊ ဝယ်ယူနိုင်မယ့် နည်းလမ်းတွေ၊ အမေရိကန်ဒေါ်လာ သန်း ၆၀ ကို IDA 19 အစီအစဉ်အောက်ကနေ မြန်မာနိုင်ငံကို ပံ့ပိုးပေးနိုင်မယ့် အခြေအနေတွေ၊ မြန်မာနိုင်ငံလူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းအတွက် နည်းလမ်း ၃ ခုနဲ့ ဝယ်ယူနိုင်မယ့် ကိစ္စတွေကို ကမ္ဘာ့ဘဏ်ဘက်က ရှင်းပြခဲ့ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ အစည်းအဝေးမှတ်တမ်းတွေအရ ကမ္ဘာ့နိုင်ငံတွေ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထုတ်ဖို့ ကြိုးပမ်းနေတဲ့နိုင်ငံတွေ၊ ကျန်းမာရေး အဖွဲ့အစည်းတွေ၊ ကမ္ဘာ့နိုင်ငံ အသီးသီးက ပညာရှင်တွေ၊ အလှူရှင်အဖွဲ့အစည်းတွေ၊ ကာကွယ်ဆေး ထုတ်လုပ်သူတွေ စသည်ဖြင့် ပါဝင်တဲ့ COVAX Facility ရဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးပေါ်လာရင် သက်သာတဲ့ဈေးနှုန်းနဲ့ အချိုးကျဝယ်ယူနိုင်မယ့် နိုင်ငံတွေမှာ မြန်မာနိုင်ငံလည်း အကြုံးဝင်တယ်လို့ သိရပါတယ်။

ပြီးတော့ မြန်မာနိုင်ငံကို ကာကွယ်ဆေးနဲ့ပတ်သက်လို့ ရန်ပုံငွေအဓိက ပံ့ပိုးနေတဲ့ Gavi, The Vaccine Alliance အဖွဲ့ကလည်း COVAX Facility ကတဆင့် မြန်မာနိုင်ငံလူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးကို အထူးသက်သာတဲ့နှုန်း ဒါမှမဟုတ် အခမဲ့ရနိုင်ရေး ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိနိုင်ရေး အဆိုပြုလွှာကို Gavi, The Vaccine Alliance ဆီကို လာမယ့် ဒီဇင်ဘာ ၇ ရက်နေ့အရောက် ပေးပို့ရမှာ ဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေးကတော့ ကာကွယ်ဆေးရတဲ့ ပမာဏအပေါ်မူတည်ပြီး ထိုးနှံပေးရမှာဖြစ်လို့ လူထုထဲမှာ ရောဂါခုခံ ကာကွယ်နိုင်မှု ပမာဏအင်အား (herd immunity) ကို အချိန်တိုအတွင်းရဖို့ ခက်တာကြောင့်  ပြည်သူလူထုအနေနဲ့ လက်ရှိလုပ်နေရတဲ့ ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးစည်းကမ်းတွေကို လပေါင်းများစွာ မဖြစ်မနေ ဆက်ပြီး လုပ်ရမှာဖြစ်သလို အရှိန်အဟုန်မြှင့် လုပ်ဖို့ လိုတယ်လို့လည်း ပြောထားပါတယ်။

Photo : World Bank Myanmar

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013