DVB Logo
Home
မြန်မာသတင်း
လုံခြုံရေး အာမခံချက်မရှိသဖြင့် ရခိုင်စစ်ရှောင်များ နေရပ်မပြန်ရဲဖြစ်နေ
DVB
·
November 29, 2020
လုံခြုံရေး အာမခံချက်မရှိသဖြင့် ရခိုင်စစ်ရှောင်များ နေရပ်မပြန်ရဲဖြစ်နေ
Donate to DVB

ရခိုင်ပြည်နယ် တချို့မြို့နယ်တွေမှာ ရောက်နေတဲ့ စစ်ဘေးရှောင်တွေဟာ လုံခြုံရေး အာမခံချက်မရှိတာကြောင့် နေရပ်မပြန်ရဲဘဲ ဖြစ်နေကြတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်တော်တို့ကြား လက်ရှိတိုက်ပွဲဖြစ်ပွားတာ မရှိတော့တဲ့အတွက် နေရပ်ပြန်လိုသူတွေ ပြန်နိုင်ဖို့ ရခိုင်ပြည်နယ်အစိုးရက နိုဝင်ဘာ ၂၇ ရက်နေ့က ကယ်ဆယ်ရေးစခန်းတွေကို အကြောင်းကြားစာပေးပို့ခဲ့ပေမဲ့ လုံခြုံရေးစိုးရိမ်တဲ့အတွက် စစ်ဘေးရှောင်တွေ နေရပ်မပြန်ရဲကြဘူးလို့ ကူညီဆောင်ရွက်ပေးနေတဲ့ မြတန်ဆောင်းဆရာတော်က မိန့်ပါတယ်။

“စစ်ဘေးရှောင်တွေ အကုန်လုံးကတော့ မိမိအိမ်ကို ပြန်ချင်ကြတဲ့သူတွေပဲပေါ့။ ဒီမှာနေရတာက စစ်ဘေးရှောင်စခန်း ၁ ခုမှာ ဘယ်လိုပဲ အဆင်ပြေတယ်ပြောပြော အိမ်မှာနေရတာလောက် အဆင်မပြေဘူးပေါ့။ အခန်းကျဉ်းတခုတည်းမှာ မိသားစု အများကြီးနေနေကြရတယ်။ နောက်ပြီးရင် အိမ်မှာမလိုက်နာခဲ့ရတဲ့ တချို့စည်းကမ်းချက်တွေကို လိုက်နာနေရတယ်။ အိမ်သာတွေ၊ ရေတွေကိုလည်း လူအများနဲ့မျှပြီးတော့ သုံးနေရတယ်။ အခုထူးခြားတာက အစိုးရဆီက စာတစ်စောင်ရောက်တယ်၊ စစ်တပ်ကခွင့်ပြုမယ်ဆိုရင် အိမ်ပြန်ချင်တဲ့သူတွေ စာရင်း ပေးဖို့ပေါ့၊ ကိုယ်တော်က စစ်ဘေးရှောင်တွေကိုမေးကြည့်တော့ အစိုးရ ပြောတာကို မယုံကြည်ကြဘူး။”

ဒီစစ်ဘေးရှောင်စခန်းတချို့က စစ်ဘေးရှောင်တွေဟာ လုံခြုံရေးအခြေအနေတွေကို စိုးရိမ်တဲ့အတွက် မပြန်ရဲတာလို့ ဆိုပါတယ်။

စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ဖို့ အစိုးရက ကူညီဆောင်ရွက်နေပေမဲ့ လုံခြုံရေးနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းတွေအပေါ်မှာပဲ မူတည်ပြီး အစိုးရအနေနဲ့ တစုံတရာ အမိန့်ပေးဆောင်ရွက်ပေးလို့ မရကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ အစိုးရအဖွဲ့တွေအနေနဲ့ လက်နက်ကိုင်အဖွဲ့တွေကို အမိန့်ပေးလို့မရဘူး၊ အေအေကိုလည်း ဒါမလုပ်ပါနဲ့လို့ ပြောလို့မရသလို တပ်ကိုလည်း တိုက်ရိုက်အမိန့်ပေးလို့မရဘူး။ အဲဒီဟာကျတော့ ဒီလုံခြုံရေးဏ္ဍကျတော့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေရဲ့ ကတိကဝတ် သစ္စာတရား ဘယ်လောက်စောင့်တည်မလဲ၊ ဒီအပေါ်မှာ မူတည်လိမ့်မယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုရင် အပြစ်မဲ့ပြည်သူတွေကို ငါတို့ဒုက္ခမပေးဘူး၊ ငါတို့အချင်းချင်းလည်း မတိုက်ဘူး၊ ပြည်သူအကျိုးပြုလုပ်ငန်းတွေ လုပ်မယ်ဆိုပြီးတော့ သူတို့ကတိကဝတ်တွေ ရှိတယ်။ သူတို့ ကတိကဝတ် ဘယ်လောက်ရှိလဲ၊ ပြည်သူကို ဘယ်လောက်တန်ဖိုးထားလဲ၊ ဒီအပေါ်မှာ မူတည်ပါလိမ့်မယ်။”

ဒါ့အပြင် နေရပ်မှာကျန်ခဲ့တဲ့ လုပ်ငန်းတွေကို ပြန်လည်သွားရောက်လုပ်ကိုင်လိုသူတွေနဲ့ နေရပ်ပြန်သွားတဲ့အချိန်မှာ နေထိုင်စားသောက်ရေး အခက်အခဲဖြစ်မှာကို စိုးရိမ်နေတဲ့ စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့ပေးနိုင်အောင် စီမံဆောင်ရွက်နေတယ်လို့ ဝန်ကြီးက  ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ဘေးရှောင်ဦးရေ ၂၃၀,၀၀၀ ဝန်းကျင်ရှိတဲ့အထဲမှ ကျောက်ဖြူမြို့နဲ့ ရမ်းဗြဲမြို့တို့ကို ရောက်ရှိနေကြတဲ့ စစ်ဘေးရှောင်တွေနဲ့ တစ်ခြားသော မြို့နယ်အချို့က စစ်ဘေးရှောင်တွေအပါအဝင် ၄၀၀၀ ဝန်းကျင် မိမိနေရပ်ကို ပြန်လည်သွားခဲ့ကြတယ်လို့ Rakhine Ethnics Congress အဖွဲ့ တာဝန်ရှိသူ ၁ ဦးက ပြောပါတယ်။

အချို့စစ်ဘေးရှောင်တွေကတော့ မိမိနေရပ်ကိုပြန်ဖို့ အခက်အခဲအမျိုးမျိုး ရှိနေတာကြောင့် ခဏတာ သွားရောက်ကာ စစ်ဘေးရှောင်စခန်းကို ပြန်လည်ရောက်ရှိလာကြတယ်လို့ ဆိုပါတယ်။

သတင်း - နောင်နောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013