DVB Logo
Home
မြန်မာသတင်း
မြန်မာက ကိုဗစ်လူနာအရေအတွက် တရုတ်ကို ကျော်တက်
DVB
·
November 28, 2020
မြန်မာက ကိုဗစ်လူနာအရေအတွက် တရုတ်ကို ကျော်တက်
Donate to DVB

ကိုဗစ်-၁၉ ရောဂါဒုတိယလှိုင်းကာလအတွင်းမှာ မြန်မာနိုင်ငံက ရောဂါဖြစ်ပွားမှု စတင်ရာ အိမ်နီးချင်း တရုတ်နိုင်ငံထက် ရောဂါကူးစက်ခံရသူအရေအတွက် ကျော်လွန်သွားပြီး အာဆီယံဒေသတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုနှုန်း အမြင့်ဆုံး ၃ နိုင်ငံစာရင်းထဲ ပါဝင်လာပါတယ်။

လက်ရှိအချိန်ထိ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၈၆,၅၀၁ ယောက်နဲ့ ခုရက်ပိုင်းအတွင်း သေဆုံးသူအရေအတွက် ထပ်တိုးမလာခဲ့ဘဲ ၄,၆၃၄ ယောက်ရှိနေခဲ့တာဖြစ်ကာ ပြန်လည်ပျောက်ကင်းသက်သာလာသူ အရေအတွက်ကတော့ ၈၁,၅၈၂ ယောက် ရှိနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ နိုဝင်ဘာ ၂၇ ရက် ည ၈ နာရီအထိ ရောဂါကူးစက်ခံရသူဦးရေ ၈၆,၆၃၃ ယောက်၊ သေဆုံးသူ ၁,၈၆၅ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူ စုစုပေါင်း ၆၅,၉၇၂ ယောက် ရှိနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာကို မြန်မာနိုင်ငံမှာ စ တင်တွေ့ရှိခဲ့ပြီး  ရခိုင်ပြည်နယ်က တကျော့ပြန်စတင်ခဲ့တဲ့ ဒုတိယ လှိုင်းကာလအတွင်းမှာတော့ ရောဂါကူးစက်ခံရသူအရေအတွက်ဟာ သိသိသာသာမြင့်တက်လာခဲ့ပြီး သေဆုံးသူ အရေအတွက်လည်း မြင့်တက်နေခဲ့တာပါ။

လတ်တလောမှာလည်း အစိုးရက ပြည်သူတွေကို ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထပ်တိုးမလာစေဖို့ မကြာမီရောက်လာတော့မယ့် ပွင့်လင်းရာသီပိတ်ရက်တွေမှာ ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ ခရီးသွားလာတာတွေ၊ လူစုလူဝေးပြုလုပ်တာတွေ မလုပ်ကြဖို့၊ တတ်နိုင်သမျှ နေအိမ်ထဲမှာသာ နေထိုင်ကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက နိုဝင်ဘာ ၁၉ ရက်စွဲနဲ့ ပန်ကြားထားပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာတွေရဲ့ ၇၅ ရာခိုင်နှုန်းဟာ ဆေးရုံက ဆင်းခွင့်ရခဲ့ကြောင်း ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကုန်ပိုင်းမှာ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့က စတင်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုဟာ ကမ္ဘာ့နိုင်ငံတွေအနှံ့ ကပ်ရောဂါတခုအသွင် ဆောင်လာခဲ့ပြီး တကမ္ဘာလုံးအတိုင်းအတာနဲ့ ရောဂါကူးစက်ခံရသူစုစုပေါင်း ၆၂ သန်းကျော်နဲ့ သေဆုံးသူအရေအတွက် ၁ ဒသမ ၄ သန်းကျော်လွန်လာခဲ့ပြီ ဖြစ်ပါတယ်။

ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၁၃ သန်းကျော်၊ သေဆုံးသူ ၂၇၁,၀၂၉ ယောက်၊ အိန္ဒိယနိုင်ငံက ကူးစက်ခံရသူ ၉ ဒသမ ၃ သန်းကျော်၊ သေဆုံးသူ ၁၃၆,၂၃၈ ယောက်၊ ဘရာဇီးနိုင်ငံက ကူးစက်ခံရသူ ၆ ဒသမ ၂ သန်းကျော်၊ သေဆုံးသူ ၁၇၁,၉၉၈ ယောက်စီနဲ့ ထိပ်ဆုံး ၃ နိုင်ငံအနေနဲ့ အသီးသီး ရပ်တည်နေပါတယ်။

အဲဒီ ၃ နိုင်ငံနောက်မှာတော့ ကိုဗစ်-၁၉ ရောဂါသန်းနဲ့ချီကူးစက်ခံရတဲ့ နိုင်ငံ တွေအဖြစ် ရုရှား၊ ပြင်သစ်၊ စပိန်၊ ယူကေ၊ အီတလီ၊ အာဂျင်တီးနား၊ ကိုလံဘီယာ၊ မက္ကဆီကို၊ ဂျာမနီနိုင်ငံတွေက  အစဉ်လိုက် ရှိနေခဲ့တာပါ။

အာရှဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု အမြင့်ဆုံး အိန္ဒိယ နိုင်ငံပြီးပါက အီရန်၊ တူရကီနဲ့ အီရတ်နိုင်ငံတွေက ကူးစက်ခံရသူဦးရေ ၉၂၂,၃၉၇ ယောက်၊ ၅၄၈,၂၄၄ ယောက်၊ ၅၄၇,၂၁၅ ယောက်စီနဲ့ အသီးသီး ရှိနေပါတယ်။

မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူဦးရေ ၄၆၀,၆၁၉ ယောက်နဲ့ သေဆုံးသူ ၆,၅၈၀ ယောက် ရှိနေတာ ဖြစ်ပါတယ်။

အာဆီယံနိုင်ငံတွေထဲမှာတော့ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေက ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူဦးရေ ၅၂၇,၉၉၉ ယောက်၊ ၄၂၇,၇၉၇ ယောက်စီနဲ့ ထိပ်ဆုံးမှာရှိနေပြီး တတိယနေရာမှာတော့ မြန်မာနိုင်ငံက ရှိနေပါတယ်။

လက်ရှိအချိန်ထိ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အချိန် ၈ လကျော် ကာလအတွင်း ဓာတ်ခွဲစစ်ဆေးမှု စုစုပေါင်း ၁ ဒသမ ၁ သန်းကျော် ပြုလုပ်ခဲ့ပြီးဖြစ်ကာ စောင့်ကြည့်လူနာပေါင်း ၁၅,၅၈၁ ယောက် ရှိနေတယ်လို့ ဝန်ကြီးဌာန ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။

စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၅၈,၂၀၅ ယောက်နဲ့ သေဆုံးသူ အရေအတွက် ထပ်တိုးမလာဘဲ ၂၈ ယောက် ရှိနေတာ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက် ၆၁,၈၆၁ ယောက်နဲ့ သေဆုံးသူ ၃၅၀ ယောက် ရှိပါတယ်။

မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၃,၉၆၆ ယောက်နဲ့ ခုရက်ပိုင်းအတွင်း သေဆုံးသူအရေအတွက် ထပ်တိုးမလာဘဲ အယောက် ၆၀ ယောက် ရှိနေပါတယ်။

ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁,၃၃၉ ယောက်နဲ့ သေဆုံးသူအရေအတွက် ခုရက်ပိုင်းမှာ တိုးမလာဘဲ ၃၅ ယောက် ရှိနေပြီး ဘရူ နိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၅၀ ယောက်နဲ့ သေဆုံးသူ ၃ ယောက် ရှိနေတာပါ။

ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၃၀၈ ယောက်နဲ့  ၃၉ ယောက် အသီးသီးရှိနေပေမယ့် သေဆုံးလူနာ ခုချိန်ထိ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013