DVB Logo
Home
မြန်မာသတင်း
နောင်ချို၊ ဒက္ခိဏသီရိနှင့် တပ်ကုန်းတို့တွင် ကိုဗစ်ရောဂါမရှိကြောင်း ထောက်ခံချက်အတု ကိုင်သူများ ဖမ်းမိ
DVB
·
November 28, 2020
နောင်ချို၊ ဒက္ခိဏသီရိနှင့် တပ်ကုန်းတို့တွင် ကိုဗစ်ရောဂါမရှိကြောင်း ထောက်ခံချက်အတု ကိုင်သူများ ဖမ်းမိ
Donate to DVB

ရှမ်းပြည်နယ် နောင်ချို၊ နေပြည်တော် ဒက္ခိဏသီရိ၊ တပ်ကုန်းမြို့နယ်တို့မှာ ကိုဗစ်-၁၉ ရောဂါမရှိကြောင်း ထောက်ခံချက်အတု ကိုင်ဆောင်ထားသူတွေကို ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၅ ရက် မနက်ပိုင်းက တပ်ကုန်းမြို့နယ် ညောင်လွန့်စစ်ဆေးရေးဂိတ်မှာ 9A/6861 Dyna ယာဉ်မောင်း ဦးစိန်ဝင်းထွန်းနဲ့ 8M/7441 Canter ၆ ဘီးယာဉ်မောင်း/ယာဉ်ပိုင်ရှင် ဦးအောင်ဇော်မြင့်တို့အား ပေပင်လေးစစ်ဆေးရေးဂိတ်က စစ်ဆေးပေးတဲ့ RDT စစ်ဆေးချက်လက်မှတ်အား မသင်္ကာလို့ တပ်ကုန်းမြို့နယ်ဆရာဝန်ကြီးက ပျော်ဘွယ်မြို့နယ် ဆရာဝန်ကြီးဆီကို Viber နဲ့ ပေးပို့တိုက်ဆိုင်စိစစ်ချက်အရ အတုတွေ ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ ထောက်ခံချက်စာရွက်အလွတ် (အတု) တွေအား ပျော်ဘွယ်မြို့ မြင်းဘက်ရပ်ကွက် တောင်ဂိတ်တာဝန်ကျ ရန်လင်းဦးဆီက ရယူခဲ့ကြောင်း သိရလို့ သွားရောက်ဖမ်းဆီးမိခဲ့ပြီး မေးမြန်းချက်အရ ပျော်ဘွယ်မြို့၊ ရှမ်းပွဲရပ်ကွက်ရှိ "ငွေစတား" ကွန်ပျူတာဆိုင်ရှိ ထက်အောင်ဆီက ဝယ်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

နိုဝင်ဘာလ ၂၆ ရက်က ထက်အောင်အား "ငွေစတား" ကွန်ပျူတာဆိုင်မှာ Samsung တံဆိပ်ပါ မော်နီတာ ၁ လုံး၊ MegaPower System Box ၁ လုံး၊ Epson L-805 ကာလာပရင်တာ ၁ လုံး၊ Canon L-100 ပရင်တာ ၁ လုံး၊ ဆက်စပ်ပစ္စည်းတွေနဲ့အတူ ထပ်မံဖမ်းဆီးရမိခဲ့ပြီး ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

 အလားတူ နိုဝင်ဘာ ၂၇ ရက်နေ့လယ်ကလည်း နောင်ချိုမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးစစ်ဆေးရေးဂိတ်မှာ တင်ဇော်လေး မောင်းနှင်တဲ့ DD/7838 AD Van ယာဉ်အား စစ်ဆေးရာ မတ္တရာမြို့နယ် ပြည်သူ့ကျန်းမာရေးဌာနက ထုတ်ပေးထားတဲ့ ကိုဗစ်-၁၉ ရောဂါမရှိကြောင်း ထောက်ခံချက်စာရွက်အား တွေ့ရှိခဲ့ပါတယ်။ အဲဒီစာရွက်ကို သူကိုယ်တိုင် အတုပြုလုပ်ကိုင်ဆောင်ထားကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပြီး ဥပဒေနဲ့အညီ အရေးယူထားတယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၂၇ ရက် ညနေကလည်း  ဒက္ခိဏသီရိမြို့နယ် စီလမ်းဆုံ ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ 6Q-6872 ကွန်တိန်နာယာဉ်နဲ့ သားငယ်တွေ တင်ဆောင်လာသူ ဦးဝင်းအောင်အပါအဝင် အမျိုးသား ၂ ဦးမှာလည်း စစ်ဆေးချက်အရ ကိုဗစ်-၁၉ ဓာတ်ခွဲနမူနာစစ်ဆေးချက် ထောက်ခံချက်စာရွက် အတုဖြစ်နေတာကြောင့် ဥပဒေနဲ့ အညီအရေးယူဆောင်ရွက်သွားမယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါ အလေးထားကာကွယ်ထိန်းချုပ်နေစဉ်ကာလအတွင်း အခုလို အတုအပပြုလုပ်ပြီး မသမာသောနည်းလမ်းနဲ့ ဆောင်ရွက်မှုအားလုံးကို သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းကာ ထိရောက်စွာဖော်ထုတ်အရေးယူသွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013