DVB Logo
Home
မြန်မာသတင်း
အစိုးရသစ်တွင် ပါတီအပေါ်သစ္စာရှိပြီး နိုင်ငံရေးအားကောင်းသူများကို ခန့်အပ်မည်ဟု အန်အယ်လ်ဒီပြော
DVB
·
November 28, 2020
အစိုးရသစ်တွင် ပါတီအပေါ်သစ္စာရှိပြီး နိုင်ငံရေးအားကောင်းသူများကို ခန့်အပ်မည်ဟု အန်အယ်လ်ဒီပြော
Donate to DVB

ပြည်နယ်ဝန်ကြီးချုပ်တွေအပါအဝင် အစိုးရအသစ်ကို ပါတီအပေါ်သစ္စာရှိပြီး နိုင်ငံရေးအားကောင်းမှု စတဲ့ အချက်တွေရှိသူတွေကို ခန့်အပ်သွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုပါတယ်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၂၁ ခုနှစ် အသစ်ပြန်လည်ဖွဲ့စည်းမယ့် အစိုးရ အဖွဲ့ကို ပါတီပေါ်သစ္စာရှိပြီး နိုင်ငံရေးအားကောင်းရမယ်ဆိုတဲ့အချက်အပြင် ကဏ္ဍစုံကို ကျယ်ကျယ်ပြန့်ပြန့် သိရှိရမယ့်သူ၊ ပြည်သူလူထုအပါအဝင် ပါတီနဲ့လည်း ဆက်ဆံရေး ကောင်းမွန်တဲ့အချက်တွေ ပြည့်စုံတဲ့သူတွေကို ခန့်အပ်သွားဖို့ရှိသလို တတ်သိပညာရှင်တွေကိုလည်း ခန့်အပ်သွားမယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဇော်မြင့်မောင် ပြောပါတယ်။ 

လက်ရှိသက်တမ်းမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေနဲ့ ပြည်ထောင်စုအစိုးရ အဖွဲ့တွေကြားမှာ ပူးပေါင်းလုပ်ဆောင်မှုတွေ အားနည်းတာတွေ ရှိခဲ့တာကြောင့် အဲဒီအတွေ့ကြုံတွေကို ယူပြီး အပြောင်းအလဲတွေ လုပ်ဖို့ရှိနိုင်တယ်လို့ ဆိုပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေနဲ့ အစိုးရအသစ်မှာ ဘယ်သူတွေ ပါလာမလဲဆိုတာကို ပြည်သူတွေကြားမှာ စိတ်ဝင်စားမှုတွေ မြင့်တက်နေပါတယ်။ 

၂၀၁၅ ရွေးကောက်ပွဲမှာတုန်းက ဘယ်သူတွေကို ဝန်ကြီးချုပ်ခန့်မယ်ဘယ်သူတွေကို ဘာတာဝန်ပေးမယ်ဆိုပြီး ဝင်ပြိုင်ခိုင်းခဲ့တဲ့ စဉ်းစားချက်တွေရှိခဲ့ပေမယ့် အခုကျင်းပ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာတော့ အဲလိုစဉ်းစားချက်မျိုးကို ပါတီက မလုပ်ဆောင်ခဲ့ဘူးလို့ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

အစိုးရအသစ်ပြန်ဖွဲ့စည်းတဲ့အခါမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ကယားပြည်နယ်မှာ ဖြစ်ပျက်ခဲ့တဲ့ ပြည်နယ်အစိုးရနဲ့ ပြည်နယ်လွှတ်တော်ကြားက ပွတ်တိုက်မှုမျိုး မဖြစ်အောင်လဲ လွှတ်တော်ဥက္ကဋ္ဌ ခန့်အပ်တဲ့နေရာတွေမှာ ပါတီက သတ်မှတ်တဲ့ စံ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတာတွေကို သေချာစိစစ်ရွေးချယ်သွားဖို့ရှိတယ်လို့ ဆိုပါတယ်။ 

၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီကနေ မဲဆန္ဒနယ် ၉၂၀ အနိုင်ရရှိခဲ့ပြီး ရာခိုင်နှုန်းအနေနဲ့ ၈၂.၃၆ ရာခိုင်နှုန်း အနိုင်ရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013