
ဧရာဝတီတိုင်း၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ထန်းတပင်ကျေးရွာအုပ်စု၊ ဒူးချဆိပ်ကျေးရွာမှာ အမျိုးသားတယောက် မိုးကြိုးပစ်ခံရပြီး သေဆုံးသွားတယ်လို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူဆီက သိရပါတယ်။
မိုးကြိုးပစ်ခံရပြီး သေဆုံးသူမှာ အသက် ၅၈ နှစ်အရွယ် ဒူးချဆိပ်ကျေးရွာက ဦးဝင်းလှိုင် ဖြစ်ပြီး ဧပြီ ၂၆ ရက်၊ ညနေ ၅ နာရီခွဲလောက်က လယ်ကွင်းထဲက ကောက်ရိုးတွေကို ထော်လာဂျီနဲ့ သယ်လာချိန် မိုးကြိုးပစ်ခံရလို့ သေဆုံးသွားတာဖြစ်ပါတယ်။
ကျောင်းကုန်းမြို့နယ်က အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “ရုတ်တရက် လေပြင်းတွေ တိုက်ခတ်၊ မိုးတွေရွာချလာပြီး မိုးကြိုးပစ်ခံရတာ။ ဦးဝင်းလှိုင်က လယ်ကွင်းထဲမှာ နွားစာအတွက် ကောက်ရိုးတွေ သွားသယ်ရင်း မိုးကြိုးစက်ကွင်းမိတာ။ တခါတည်း ဆုံးတာပဲ။ ဦးဝင်းလှိုင်နဲ့ အတူပါသွားတဲ့ သူတွေကတော့ ဘာမှမဖြစ်ဘူး” လို့ ပြောပါတယ်။
အဆိုပါ မိုးကြိုးထိမှန် သေဆုံးသူနဲ့အတူ လယ်ကွင်းထဲ ကောက်ရိုးသယ်ဖို့ လိုက်ပါလာခဲ့တဲ့ ဒူးချဆိပ်ကျေးရွာက ဦးသန်းညွန့်နဲ့ ဦးအောင်သူတို့မှာ ထိခိုက်မှု မရှိခဲ့ပါဘူး။
သေဆုံးရုပ်အလောင်းကို ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့က သယ်ဆောင်ပြီး ကျောင်းကုန်းမြို့နယ်၊ ဒေါင့်ကြီး တိုက်နယ်ဆေးရုံကို ပို့ဆောင်စစ်ဆေးခဲ့ပြီးနောက် ကျောင်းကုန်းမြို့နယ်၊ ဒေါင့်ကြီးနယ်မြေ ရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၂/၂၀၂၆ နဲ့ အမှုဖွင့် ဆောင်ရွက်ထားပါတယ်။










