
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်နေအိမ်တအိမ်ဆီ ပြောင်းရွှေ့တဲ့သတင်း ကြားသိရပြီး မိသားစု၊ ရှေ့နေတွေနဲ့ ပုံမှန်တွေ့ဆုံခွင့်ပေးဖို့နဲ့ ပြန်လွှတ်ပေးဖို့ ဥရောပသမဂ္ဂ(EU)က တောင်းဆိုပါတယ်။
EU ရဲ့ နိုင်ငံခြားရေးနဲ့ လုံခြုံရေးမူဝါဒဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ အနီတာဟစ်ပါက မေ ၂ ရက်မှာ ထုတ်ပြန်ပြောဆိုတာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာကောင်းမွန်စေဖို့ အပြည့်အဝ အလေးထားဂရုစိုက်ပေးဖို့နဲ့ မိသားစု၊ ရှေ့နေတွေနဲ့ ပုံမှန်တွေ့ဆုံခွင့်ပေးဖို့ တောင်းဆိုထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကိုလည်း ခြွင်းချက်မရှိ လွှတ်ပေးဖို့ ထပ်ပြီး တောင်းဆိုလိုက်ပါတယ်။
နေပြည်တော်မှာ အကျဉ်းချခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း ခြွင်းချက်မရှိ လွှတ်ပေးဖို့ ကုလသမဂ္ဂ၊ အမေရိကန်နဲ့ ဂျပန်နိုင်ငံတို့ကလည်း စစ်အာဏာရှင်ကို ထပ်မံတောင်းဆိုထားပါတယ်။
အများယုံကြည်လက်ခံနိုင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တရပ် ဖြစ်လာရေးအတွက် အထောက်အကူပြုမဲ့ အခြေအနေတွေဆီ အခြေခံကျတဲ့ ခြေလှမ်းအဖြစ် မတရားဖမ်းဆီး ထိန်းသိမ်းခံထားရသူအားလုံးကို အမြန်ဆုံးနဲ့ ခြွင်းချက်မရှိ လွှတ်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရပ်စ်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က မတရားဖမ်းဆီးပြီးနောက် အမှုပေါင်း ၁၉ မှုနဲ့ တရားစွဲဆိုခဲ့ပြီး ထောင် ၃၃ နှစ် ချထားခဲ့တာပါ။
ပြီးခဲ့တဲ့ ၅ နှစ်အတွင်း လွတ်ငြိမ်းချမ်းသာခွင့်တချို့ ရထားတာကြောင့် လက်ရှိ ထောင်ဒဏ် နှစ် ၂၀ ကျော် ကျန်နေသေးချိန်မှာ ထောင်ကနေ နေအိမ်တလုံးဆီကို ပြောင်းရွှေ့လိုက်တယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ စစ်အာဏာရှင်က ထုတ်ပြန်ထားပါတယ်။










