DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲကော်မရှင်ကို အရေးယူရန် ကြံ့ခိုင်ရေးပါတီအပါအဝင် ၁၉ ပါတီက သမ္မတထံ တောင်းဆို 
DVB
·
November 25, 2020
ရွေးကောက်ပွဲကော်မရှင်ကို အရေးယူရန် ကြံ့ခိုင်ရေးပါတီအပါအဝင် ၁၉ ပါတီက သမ္မတထံ တောင်းဆို 
1 / 3
Donate to DVB

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အရေးယူပေးဖို့  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပါအဝင် မဟာမိတ်  ၁၉ ပါတီက နိုင်ငံတော်သမ္မတထံ အိတ်ဖွင့်ပေးစာပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ကျော်လွန် လုပ်ဆောင်ပြီး ဥပဒေက ပေးအပ်ထားတဲ့ တာဝန်တွေ ပျက်ကွက်နေတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ မလိုလားအပ်တဲ့ တရားမဲ့ ပြုကျင့်မှုတွေ အမြောက်အများဖြစ်ပေါ်စေခဲ့တာကြောင့် လွတ်လပ်ပြီးတရားမျှတတဲ့၊ ပွင့်လင်းမြင်သာတဲ့၊ သမာသမတ်ကျတဲ့ ရွေးကောက်ပွဲတခုလို့ သတ်မှတ်မရနိုင်တဲ့အခြေအနေဖြစ်တယ်လို့လည်း စာမှာ ဖော်ပြထားပါတယ်။

မဲလက်မှတ်တွေရိုက်နှိပ်တာကို စောင့်ကြည့်လေ့လာခွင့်မရခဲ့သလို ကြိုတင်မဲတွေအတွက် မတိကျတဲ့ လုပ်ထုံးလုပ်နည်းတွေ၊ အရေအတွက် အတိအကျမသိနိုင်တဲ့ အပိုမဲအရေအတွက်နဲ့ ဖြန့်ခွဲတာတို့ကို မစိစစ်နိုင်တာကြောင့် ပြုပြင်ဖန်တီးထားနိုင်တဲ့ အဆုံးအဖြတ် မဲပမာဏကို ဖြစ်စေနိုင်တယ်လို့လည်း ဆိုပါတယ်။

ကော်မရှင်ရဲ့ ကိုယ်တိုင်ဆောင်ရွက်တာ ကြီးကြပ်ကွပ်ကဲတာ အားနည်းတာတွေကြောင့် မဲစာရင်းပြုစုတာနဲ့ ဖြန့်ဝေတာကို စောင့်ကြည့်ခွင့်မပြုတာ၊ ပွင့်လင်းမြင်သာစွာ စစ်ဆေးခွင့်မရတာ၊ အချိန်မီထုတ်ပြန်ဖို့ ပျက်ကွက်တာတွေကြောင့် အားထားယုံကြည်စရာမဲစာရင်းမဖြစ်တော့ဘဲ မဲရုံကိုယ်စားလှယ်တွေ စောင့်ကြည့်ဖို့ ခက်ခဲစေခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မဲဆွယ်စည်းရုံးတာကိုလည်း တပြေးညီလုပ်ခွင့်မရဘဲ ထောက်ခံစာနဲ့ မဲပေးခွင့်ပြု ခဲ့တာတွေကြောင့် မဲပေးခွင့်ရှိသူ ဟုတ်၊ မဟုတ်၊ အသက်ပြည့်သူ ဖြစ်၊ မဖြစ် ချက်ချင်းစစ်ဆေး ကန့်ကွက်ခွင့်မရခဲ့ဘူး လို့လည်း ဆိုပါတယ်။

ပြီးတော့ ကြိုတင်မဲကောက်ယူတာ၊ သယ်ယူပို့ဆောင်တာ၊ ထိန်းသိမ်းတာ၊ ခိုင်လုံမဲ၊ ပယ်မဲ သတ်မှတ်တာတွေဟာ ခိုင်မာတဲ့ မူဝါဒမရှိဘူးလို့လည်း သူတို့ရဲ့စာမှာ ဖော်ပြထားပါတယ်။

ရွေးကောက်ပွဲနဲ့ ချိန်ကိုက်ပြီး နိုင်ငံ့ဘဏ္ဍာနဲ့ ထောက်ပံ့ကြေးပေးတာကို မဲဆွယ်စည်းရုံးတာနဲ့ တွဲလုပ်တာဟာ နေရာအနှံ့မှာဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အာဏာနဲ့ဖုံးအုပ်ထားတဲ့ မသမာမှု၊ တရားမဲ့မှုတွေကို စိစစ်ဖော်ထုတ်ဖို့ လွတ်လပ်တဲ့ စုံစမ်းရေး ကော်မရှင်ဖွဲ့စည်းပေးဖို့ နိုင်ငံရေးပါတီ ၁၆ ခုက တောင်းဆိုခဲ့ပေမယ့် မဆောင်ရွက်ပေးခဲ့ တာကြောင့် နိုင်ငံသားတွေရဲ့ အခွင့်အရေး ဆုံးရှုံးနေတယ်လို့လည်း ဖော်ပြထားပါတယ်။

သမ္မတဟာ မိမိရဲ့ တာဝန်ဝတ္တရားတွေကို ဖြောင့်မတ်မှန်ကန်စွာနဲ့ အစွမ်းကုန်ဆောင်ရွက်ပါ မယ် စတဲ့ ကတိသစ္စာဆိုပြီး သမ္မတတတာဝန်ကို ရယူထမ်းဆောင်ခဲ့တာဖြစ်လို့ ရွေးကောက်ပွဲကို စံ ၅ ချက်နဲ့အညီ ကျင်းပပေးဖို့ ပျက်ကွက်ခဲ့တဲ့အပြင် ဖွဲ့စည်းပုံဥပဒေအရပေးထားတဲ့ တာဝန်တွေ ထမ်းဆောင်ဖို့ ပျက်ကွက်တဲ့ ကော်မရှင်ကို မြန်မြန် စုံစမ်းစစ်ဆေး အရေးယူပေးဖို့ နိုင်ငံရေးပါတီ ၁၉ ပါတီက တောင်းဆိုထားပါတယ်။

တရားမျှတတဲ့ ရွေးကောက်ပွဲမဖြစ်တဲ့အတွက်  နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်းနဲ့  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ တပ်မတော်ပူးပေါင်းကာ စည်းကမ်းကျတဲ့ ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးဖို့ ကြံ့ခိုင်ရေးပါတီက ရွေးကောက်ပွဲအပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း တောင်းဆိုထားပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်ကတော့   ကြံ့ခိုင်ရေးပါတီရဲ့ စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေသာဖြစ်တယ်လို့ နိုဝင်ဘာ ၁၁ ရက်နေ့က နေပြည်တော်ရှိ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ  အငြင်းပွားမှုတွေ၊  တရားမဲ့ပြုကျင့်မှုတွေကို  ရွေးကောက်ပွဲရလဒ် ကြေညာပြီးနောက် ၄၅ ရက် အတွင်းတိုင်ကြားနိုင်တဲ့အကြောင်းနဲ့  အခုအချိန်အထိ  တိုင်ကြားစာ တစ်စောင်မှ မရရှိသေးဘူးလို့  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းကလည်း နိုင်ငံပိုင် သတင်းစာနဲ့ အင်တာဗျူးမှာ ပြောထားပါတယ်။ 

ဓာတ်ပုံ- U Than Htay/USDP

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013