Homeမြန်မာသတင်း
နောင်ချိုတွင် ကိုဗစ်-၁၉ လူနာများလာသဖြင့် လူနာတင်ယာဉ်နှင့် စေတနာ့ဝန်ထမ်းအင်အား လိုအပ်နေ
နောင်ချိုတွင် ကိုဗစ်-၁၉ လူနာများလာသဖြင့် လူနာတင်ယာဉ်နှင့် စေတနာ့ဝန်ထမ်းအင်အား လိုအပ်နေ
DVB
·
November 24, 2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ ခြေမြစ်ပင်စစ်ဆေးရေးဂိတ်မှာ ကိုဗစ်-၁၉ ပိုးတွေ့ လူနာတွေ နေ့စဉ်တိုးလာနေပြီး ကုန်တင်ကားသမားတွေသာမက ဒေသခံတွေထဲမှာပါ ပိုးတွေ့လူနာတွေ များလာတာကြောင့် လူနာတင်ယာဉ်၊ စေတနာ့ဝန်ထမ်းအင်အားနဲ့ ရန်ပုံငွေပါ အခက်အခဲ တွေရှိလာနေပါတယ်။
စေတနာမွန်လူမှုကူညီရေးအသင်းက ကိုမြတ်မိုးအောင်က “အရင်က ကားသမားပဲ ပိုးတွေ့ခဲ့တာပါ။ ခု ဒေသခံတွေပါ ပိုးတွေ့လာပြီဆိုတော့ လူနာတင်ဖို့ကော ထိတွေ့သူတွေကို တင်ဆောင်ဖို့ လူနာတင်ယာဉ်အခက်အခဲရှိလာပါတယ်။ စေတနာ့ဝန်ထမ်းအင်အားလည်း မလုံလောက်တော့ဘူး။ ကွာရန်တင်းစင်တာမှာလည်း လူ ၁၂၉ ယောက်ရှိလာတော့ ကျွေးဖို့ ရန်ပုံငွေပါ အခက်အခဲရှိနေပါတယ်။”လို့ ပြောပါတယ်။
နောင်ချိုဟာ နယ်မြို့လေးတစ်မြို့ပေမယ့် ရှမ်းမြောက်တခုလုံးရဲ့ တာဝန်ကိုယူထားရတော့ ဝန်နဲ့အား မမျှဘူးဖြစ်လာပါတယ်။ ဒါကို ပြည်နယ်အစိုးရက လိုအပ်တာဖြည့်တင်းပေး စေချင်တယ်လို့လည်း ပြောပါတယ်။
နောင်ချို့မြို့နယ် ပြည်သူ့ဆေးရုံမှာ လက်ရှိ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၈ ယောက် တက်ရောက် ဆေးကုသမှုခံယူနေပြီး နေ့စဉ်ပိုးတွေ့ လူနာတိုးလာတာကြောင့် ဆေးရုံမှာလည်း နေရာ အခက်အခဲရှိလာနိုင်တယ်လို့ နောင်ချို ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒေါက်တာ နိုင်ဝင်းအောင်က ပြောပါတယ်။
နောင်ချိုဆေးရုံဟာ ကိုဗစ်-၁၉ လူနာအများဆုံး ၁၀ ယောက်သာ လက်ခံနိုင်ပြီး လူနာအရမ်းများလာလို့ နေရာမဆန့်ရင် ကျောက်မဲခရိုင်ဆေးရုံကိုပို့ဆောင်ရမှာဖြစ်သလို ကုသရေး ဆရာဝန်နဲ့ သူနာပြုအင်အားနည်းလို့ လူနာတိုးလာရင် အခက်အခဲရှိလာနိုင်တယ်လို့လည်း ပြောပါတယ်။
နောင်ချိုမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၆ ယောက်ရှိပြီး ၈ ယောက်က ဆေးရုံမှာ တက်ရောက် ဆေးကုသမှုခံယူနေကြတာပါ။ ကျောက်မဲခရိုင်ဆေးရုံမှာတော့ လက်ရှိ ပိုးတွေ့လူနာ ၄ ယောက်ရှိပြီး လူနာ အများဆုံး ၁၂ ယောက်အထိ လက်ခံကုသနိုင်တယ်လို့ သိရပါတယ်။
နောင်ချို ခြေမြစ်ပင်စစ်ဆေးရေးဂိတ်မှာ ရှမ်းပြည်နယ်အဝင်အထွက် ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် အယောက် ၂၀၀ ကျော်ကို ကိုဗစ်-၁၉ ပိုးရှိမရှိ သက်ဆိုင်ရာက နေ့စဉ် စစ်ဆေးပေးနေပါတယ်။
သတင်း- နန်းစပယ်
ဓာတ်ပုံ- ဖြူစင်မေတ္တာလူမှုကူညီရေးအသင်း