DVB Logo
Home
မြန်မာသတင်း
ဒေါက်တာမောင်သင်းအပါအဝင် USDPကိုယ်စားလှယ်လောင်း ၄ ဦးကို မိတ္ထီလာရဲစခန်း၌ အမှုဖွင့်
DVB
·
November 24, 2020
ဒေါက်တာမောင်သင်းအပါအဝင် USDPကိုယ်စားလှယ်လောင်း ၄ ဦးကို မိတ္ထီလာရဲစခန်း၌ အမှုဖွင့်
Donate to DVB

မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ ဘာသာရေးကိုအသုံးပြုမဲဆွယ်မှုနဲ့ ဒေါက်တာမောင်သင်း အပါအဝင် ကြံ့ခိုင်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ၄ ဦးကို   မိတ္ထီလာမြို့မရဲစခန်းမှာ နိုဝင်ဘာလ ၂၃ ရက်က အမှုဖွင့်ထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်ကာလက မိတ္ထီလာကြံ့ခိုင်ရေးပါတီရဲ့  မဲဆွယ်ဗီနိုင်းပိုစတာမှာ  မိတ္ထီလာမြို့ရဲ့ သမိုင်းဝင်ကရဝိတ်ဖောင်တော်ဦးစေတီပုံတော်ကို အသုံးပြုခဲ့တာကြောင့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၄ ဦးလုံး အမှုဖွင့်ခံရတယ်လို့မိတ္ထီလာမြို့မရဲစခန်း ပြောပါတယ်။

မိတ္ထီလာမြို့မရဲစခန်းတာဝန်ကျရဲအရာရှိတစ်ဦးက "ဟုတ်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ၄ ဦးလုံးကို အမှုဖွင့်ထားတာပါ။ ဘာသာရေးကိုအသုံးပြု မဲဆွယ်တယ်ဆိုပြီး တိုင်ကြားလာလို့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ ၅၈(ဂ)နဲ့ အမှုဖွင့်တာပါ" လို့ ပြောပါတယ်။

ကြံ့ခိုင်ရေးပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရဲထွန်းနိုင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မောင်သင်း၊ တိုင်းဒေကြီးလွှတ်တော် အမှတ်(၁) ကိုယ်စားလှယ်လောင်း ဦးအောင်ကျော်မိုးနဲ့ အမှတ်(၂) ကိုယ်စားလှယ်လောင်း ဦးစိုးသန်းတို့ကို မိတ္ထီလာမြို့၊ အောင်ဆန်းရပ်ကွက်နေ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးတိမ်မင်းက တရားလိုလုပ်ပြီး အမှုဖွင့်ထားတာပါ။

မိတ္ထီလာမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးမြင့်ဆန်းက"ကရဝိတ်ဖောင်တော်ဦးပုံတော်ဟာ မိတ္ထီလာမြို့ဆိုတဲ့ အထိမ်းအမှတ်ပုံရိပ်ပါ။ ကျနော်တို့ဘက်က မဲမသမာမှုတွေကို အမှုဖွင့်ထားလို့ အပြန်အလှန်သဘောနဲ့ ဒီအမှုကို ဖွင့်တာလို့ ထင်တယ်။ ကျနော်တို့အနေနဲ့ နောက်ထပ်ဖွင့်ရမယ့် အမှူတွေရှိနေပါသေးတယ်။ မြို့နယ်ခရိုင် တိုင်း ပြည်ထောင်စုအဆင့်အထိ တိုင်ကြား အမှုဖွင့်သွားမှာပါ"လို့ ပြောပါတယ်။

အမှုဖွင့်တဲ့ ၈၈ ကျောင်းသား နိုင်ကျဉ်းဟောင်း ဦးတိမ်မင်းက "ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ပြဋ္ဌာန်းချက်ထဲမှာ ပါပါတယ်။ ဘာသာရေးကိုအကြောင်းပြပြီး မဲဆွယ်စည်းရုံးခြင်း မပြုရဆိုတာ မဲဆွယ်စည်းရုံးတဲ့ကာလမှာ ပြည်ခိုင်ဖြိုးပါတီမဲဆွယ်စည်းရုံးတဲ့ ဗီနိုင်းဟာ မိတ္ထီလာတမြို့လုံးက ကြည်ညိုကိုးကွယ်တဲ့ ဖောင်တော်ဦးစေတီတော်ပုံရိပ် နောက်ခံထားတဲ့ ဗီနိုင်းတွေနဲ့ စည်းရုံးတာကြောင့် အမှုဖွင့်တာပါ။ အမုန်းတရားတွေ ကလဲ့စားချေတာတွေမပါပါဘူး။ အဲဒါတွေကြောင့် တိုင်တာလည်း မဟုတ်ပါဘူး။ မိတ္ထီလာမြို့ရဲ့ အထင်ကရသမိုင်းဝင်စေတီတော်ကြီးကို အလွဲသုံးစားလုပ်တာမကြိုက်လို့ အမှု ဖွင့်တာပါ" လို့ ပြောပါတယ်။

လူမျိုးကိုဖြစ်စေ၊ ဘာသာရေးကိုဖြစ်စေ အကြောင်းပြပြီး မဲပေးရန်၊ မဲမပေးရန် ပြောဆို ဟောပြောကြေညာချက်ထုတ်ခြင်း သို့မဟုတ် ယင်းသို့ပြုလုပ်ရန် အားပေးလှုံ့ဆော်ခြင်း ပြုလုပ်ပါက အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၁ နှစ်ဖြစ်စေ ငွေ ၁ သိန်း ဖြစ်စေ ဒဏ်၂ရပ်လုံး ဖြစ်စေ အမိန့် ချမှတ်နိုင်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲတုန်းက မိတ္ထီလာမြို့နယ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်နေရာအားလုံးကို ကြံ့ခိုင်ရေးပါတီကအနိုင်ရခဲ့ပြီး ၂၀၂၀ ရွေးကော်ပွဲမှာတော့  အန်အယ်လ်ဒီပါတီက အမတ်နေရာအားလုံး အနိုင်ရသွား ပါတယ်။

သတင်း၊ ဓာတ်ပုံ-မောင်မောင်လင်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013