
ရခိုင်ပြည်နယ်ရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ စတားလင့်စက်တွေ ဆက်တိုက် ပိတ်သိမ်းနေရတဲ့အတွက် အများသုံး စတားလင့်ဆိုင် ဖွင့်ထားကြသူတွ ဆုံးရှုံးနစ်နာမှု များစွာနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲတဲ့ ဇွန်လ ကတည်းက မြန်မာနိုင်ငံက စတားလင့်စက်တွေကို ခွင့်မပြုထားတဲ့ တည်နေရာက အသုံးပြုတယ်ဆိုပြီး စတားလင့်ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ SpaceX က ဆက်တိုက် ပိတ်သိမ်းနေတာ ဖြစ်ပြီး ရခိုင်ပြည်နယ်က အများသုံးဖွင့်ထားတဲ့ စတားလင့်စက်တွေဟာလည်း အဲဒီ ပိတ်သိမ်းခံ ရမှုမှာ ပါသွားပြီး ဆုံးရှုံးမှုများစွာနဲ့ ရင်ဆိုင်နေကြရတာလို့ ကာယကံရှင်တွေက ပြောပါတယ်။
မြောက်ဦးမြို့နယ်က စတားလင့် အပိတ်ခံလိုက်ရတဲ့ အမျိုးသားတယောက်က “ရခိုင်မှာ စတားလင့် စက်တွေ ဆက်တိုက်ပိတ်သိမ်းခံနေကြရတယ်။ အဲဒီလို ပိတ်သိမ်းခံလိုက်ရပြီဆို အရမ်းနစ်နာကြ တယ်။ ရခိုင်မှာက အများသုံး စတားလင့်ဆိုင်တွေ ဖွင့်ခွင့်ပြုတာ မကြာသေးဘူး။ လပိုင်းနဲ့ အပိတ် ခံလိုက်ရပြီဆို စက်တန်ဖိုး၊ အခွန်ဆောင်ထားတဲ့ ငွေတွေ၊ တခြား ဘက်ထရီနဲ့ ဆိုလာတွေ ရင်းနှီးထားကြရတာ မနည်းဘူး။ အနည်းဆုံးကို ကျပ်သိန်း ၁၀၀ နီးပါးကို ကုန်ကျတာ။ ဘက်ထရီနဲ့ ဆိုလာတွေနဲ့ ပြန်သုံးလို့ရပေမဲ့ စက်ဖိုးတွေ၊ အခွန်ဆောင်ထားကြရတဲ့ ငွေတွေက ဆုံးတော့တာပါပဲ” လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်က AA ထိန်းချုပ် မြို့နယ်တွေမှာ အများသုံး စတားလင့်စက်တွေကို နည်းပညာဌာနထံ ကတဆင့် အပ်နှံငှားရမ်းစနစ်နဲ့ အခွန်ပေးဆောင်စေပြီး ဖေဖော်ဝါရီလက စတင်ကာ အသုံးပြုခွင့် ပေးထားတာဖြစ်ကာ အပိတ်ခံလိုက်ရတဲ့ စက်ပိုင်ရှင်တွေ ဆောင်ထားရတဲ့ အခွန်ငွေကို ပြန်ပေး၊ မပေးဆိုတာ မသိရသေးဘူးလို့ စတားလင့်ဆိုင် ဖွင့်ထားသူတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်ဟာ ၂၀၂၃ ခုနှစ်ကတည်းက စစ်အာဏာရှင်က ဆက်သွယ်ရေးလိုင်းတွေ အားလုံးကို ပိတ်ပင်ထားတာဖြစ်ပြီး ၂၀၂၅ ခုနှစ် အစောပိုင်းမှာ အာရက္ခတပ်တော်ရဲ့ နည်းပညာဌာနက အများသုံး စတားလင့်စင်တာတွေ ဖွင့်လှစ်ပေးနေရာကနေ ၂၀၂၆ ခုနှစ်မှာ ပုဂ္ဂလိကပိုင် အများသုံး စတားလင့် ဆိုင်တွေကို အခွန်ပေးဆောင်ပြီး ဖွင့်လှစ်ခွင့် ပြုခဲ့တာလည်း ဖြစ်ပါတယ်။
ရခိုင်ဒေသမှာ စတားလင့်စက် အသုံးပြုခွင့် ဖွင့်လှစ်ထားရတာဟာ စိုးရိမ်စိတ်တွေနဲ့ ဖွင့်နေကြရတာ ဖြစ်ပြီး ဘယ်နေ့ ပိတ်ခံရမလဲဆိုတာ ရင်တမမ စောင့်နေကြရသလို ဖြစ်နေတယ်လို့ ပုဏ္ဏားကျွန်း မြို့နယ်က စတားလင့်ဆိုင်ဖွင့်ထားတဲ့ အမျိုးသားတယောက်က ပြောပါတယ်။
“ရခိုင်မှာလည်း စတားလင့်စက်တွေ ဆက်တိုက်ပိတ်ခံနေရတော့ ဘယ်နေ့ ကိုယ့်စက်ပါသွားမလဲ ဆိုပြီး ရင်တမမနဲ့ စောင့်နေရသလို ဖြစ်နေပြီ။ အပိတ်ခံရရင်တော့ အရမ်းနစ်နာတာပေါ့။ ရင်းနှီးထား ရတဲ့ အရင်းအနှီးက မနည်းဘူးလေ။ ပြီးတော့ ရခိုင်ဒေသမှာ အခုမှပဲ စလုပ်ခွင့် ရတာဆိုတော့ အရင်းတောင်မရဘဲ အပိတ်ခံလိုက်ကြရတဲ့သူတွေလည်း ရှိကြတယ်။”
ရခိုင်ပြည်နယ်မှာ အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရရဲ့ နည်းပညာဌာနက စတားလင့် လိုင်စင် တွေအဆင့် ၃ ဆင့်ခွဲပြီး အခွန်စနစ်နဲ့ ၂၀၂၆ ခုနှစ်မှာ ပုဂ္ဂလိကပိုင် လုပ်ပိုင်ခွင့် ပြုထားတာလည်း ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးကတည်းက စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေကြပြီး ဆက်သွယ်ရေး ပြတ်တောက်နေကြတဲ့ ရခိုင်၊ ကရင်နီ၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး စတဲ့ဒေသတွေမှာ စတားလင့်တွေကို အားထားပြီး ဆက်သွယ်ရေးအတွက် အသုံးပြုနေကြရတာလည်း ဖြစ်ပါတယ်။
စတားလင့် အင်တာနက်ကို ပိတ်တာဟာ အရပ်သားပြည်သူတွေအတွက် သေရေးရှင်ရေးလောက် အရေးပါလို့ ဆိုက်ဘာလိမ်လည်မှုစင်တာတွေကိုပဲ ပစ်မှတ်ထားပြီး တိတိကျကျပိတ်ဖို့ အရပ်ဘက် အဖွဲ့ ၂၅၀ ကျော်က ဇူလိုင် ၁၇ ရက်မှာ စတားလင့်ကုမ္ပဏီနဲ့ အမေရိကန်အစိုးရဆီကို ဦးတည်ပြီး ပူးတွဲတောင်းဆိုမှု တခုကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။











