
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် အရေအတွက် သောင်းနဲ့ချီ တိုးလာနေပြီး ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေမှာ ရိက္ခာအလွန်အမင်း ပြတ်လပ်ကာ ငတ်မွတ်ခေါင်းပါးတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေကြရတယ်လို့ စစ်ဘေးရှောင်ကူညီရေးပရဟိတအဖွဲ့နဲ့ မြေပြင် သတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်ဘေးရှောင်စခန်းအချို့မှာ လူဦးရေ ထောင်နဲ့ချီ ရှိနေပေမဲ့ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ကူညီရေးအဖွဲ့ တွေဘက်မှာ ရိက္ခာ မလောက်ငတဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေရတာပါ။
ဒါ့အပြင် လူဦးရေ ၅,၀၀၀ လောက်ရှိတဲ့ စစ်ဘေးရှောင်တွေထဲမှ ၃,၀၀၀ လောက်ကိုပဲ ကူညီနိုင်ပြီး ကျန် ၁,၆၀၀ နဲ့ ၂,၀၀၀ နီးပါးဟာ ထောက်ပံ့မှု မရဘဲ ကျန်ရစ်နေပါတယ်။
တဖက်မှာလည်း လူဦးရေ ၁,၀၀၀ လောက်ရှိတဲ့ စစ်ဘေးရှောင်ရှိတဲ့နေရာတွေ အများကြီး ရှိနေသေးပြီး အလှူရှင်တွေ မရောက်နိုင်သေးဘူးလို့ ဆိုပါတယ်။
စစ်ဘေးရှောင်အများစုက ကျောက်ဖြူနဲ့ စစ်တွေဒေသခံတွေဖြစ်ပြီး သူတို့က စခန်းတွေ လုပ်ပေးဖို့လည်း အကူညီတောင်းနေကြတာပါ။ တဘက်မှာလည်း စစ်ရှောင်တွေကို ရိက္ခာတွေ ကူညီဖို့ လူ ၂၀၀၀ စာလောက်ရှိနေတာမို့ ဒီဘက်က စစ်ရှောင်တွေတောင်းနေတဲ့ စခန်းကိုလည်း မလှူပေးနိုင်ဖြစ်နေတာပါ။
ရမ္မာမြီ ပရဟိတနဲ့ စစ်ဘေးရှောင် ကူညီရေးအဖွဲ့ တာဝန်ရှိသူ တယောက်က "တချို့စစ်ဘေးရှောင် တွေဆိုရင် ရွာမှာတုန်းက အဆင်ပြေခဲ့ပေမဲ့ အခု ပွင့်ပွင့်လင်းလင်းပြောရရင် တောင်းစားနေရတဲ့ အနေအထားပါ။ ဆန်တွေ ပြတ်သွားရင်တောင် ရွာတွေကနေ ကောက်ပြီး ပေးရတဲ့ အနေအထားမျိုးပါ။ အုပ်ချုပ်ရေးအဖွဲ့တွေ မကူညီဘူးလားဆိုရင် ကူညီပါတယ်၊ ဒါပေမဲ့ မလောက်ငပါဘူး။ စစ်ဘေးရှောင် ၅,၀၀၀ မှာ ၃,၀၀၀ လောက်ပဲ ကူညီနိုင်ရင် ကျန်တဲ့ ၁,၆၀၀၊ ၂,၀၀၀ လောက်က ကျန်နေတာ။ အလှူမရောက်တဲ့ နေရာတွေကို ကျနော်တို့က ဖြည့်ပေးပါတယ်" လို့ DVB ကို ပြောပါတယ်။
စစ်ဘေးရှောင်တချို့ဟာ ဝမ်းစာအတွက် နီးစပ်ရာရွာတွေမှာ ဟင်းရှာ၊ ငါးရှာ ရောင်းစားနေကြရသလို သက်ကြီးရွယ်အိုတွေမှာ နီးစပ်ရာရပ်ရွာက ဒေသခံတွေဆီက အကူအညီတောင်းပြီး စားသောက် နေကြရတယ်လို့သိရပါတယ်။
နယ်မြေ ကျယ်ဝန်းလွန်းတာကြောင့် မြေပြင်ကူညီရေးအဖွဲ့တွေအနေနဲ့လည်း နေရာ ၃ နေရာလောက် ကိုပဲ တာဝန်ယူ ထောက်ပံ့ပေးနိုင်တဲ့ အနေအထား ရှိပါတယ်။
၂၀၂၄ ခုနှစ် ၁ လပိုင်းကနေ လက်ရှိအချိန်အထိ ၂ နှစ်နီးပါးကာလအတွင်း ပြည်တွင်းပြည်ပ အလှူရှင်တွေဆီက အလှူငွေ သိန်း ၆,၀၀၀ ကျော် လက်ခံရရှိခဲ့ပြီး မြေပြင်မှာ မျှဝေလှူဒါန်းပေးခဲ့တဲ့ စာရင်းကိုလည်း ပြီးခဲ့တဲ့လက မြေပြင်ဦးဆောင်ဆရာတော်တို့နဲ့ ငွေစာရင်းရှင်းတမ်း ပြုလုပ်ခဲ့ကြ ပါတယ်။
ဒါပေမဲ့လည်း လုံခြုံရေး အခြေအနေတွေကြောင့် မြို့နယ်နဲ့ ကျေးရွာအမည်တွေကို သီးသန့် မဖော်ပြနိုင်တာကြောင့် အလှူရှင်တွေရဲ့ စိတ်ဝင်စားမှု လျော့နည်းလာပြီး အလှူငွေရရှိမှုလည်း နည်းပါးလာပါတယ်။
လောလောဆယ်မှာ ဝင်ငွေမရှိပါသေး၊ ရှိတဲ့ငွေလည်း နည်းနေပါတယ်။ အဲဒီဟာကို ကူညီပေးဖို့ လုပ်နေတယ်ကြားက စစ်ဘေးရှောင် ၈၈ ယောက်က အရေးပေါ် ရိက္ခာလာတောင်းတာကြောင့် ကူညီပေးရပါတယ်။
လောလောဆယ်တော့ သူတို့ ၈၈ ယောက်ကို တပတ်၊ ၁၀ ရက်စာလောက်ပဲ ထုတ်ပေးနိုင်ခဲ့တာပါ။ လက်ရှိ ကုန်ဈေနှုန်းနဲ့ဆိုရင် တပတ်၊ ၁၀ ရက်စာကလည်း ကျပ် သိန်း ၁၀၀ နီးပါးရှိနေတာပါ။
"အရင်တုန်းကတော့ ဘယ်မြို့နယ်၊ ဘယ်ရွာမှာ စစ်ဘေးရှောင် ဘယ်လောက်ရှိတယ်ဆိုတာ မြို့နယ်လိုက် ချပေးခဲ့တာပါ။ အခု ကာလမှာတော့ မြို့နယ်ကိုထား၊ ရွာကိုတောင် ပြောလို့မရတဲ့ အနေအထားပါ။ အသက်တွေကို ငွေကြေးနဲ့ လှူလို့မရတာကြောင့် အရမ်းကို ဂရုစိုက်ရပါတယ်။ အလှူရှင်တွေက မြို့နယ်လိုက်၊ ရွာလိုက် ဖော်ပြမှ စိတ်ဝင်စားပြီး ထည့်ကြတာဆိုတော့ အခု အလှူငွေရဖို့ ခက်ခဲနေတယ်" လို့ ရမ္မာမြီ ပရဟိတအဖွဲ့တာဝန်ရှိသူက ဆက်ပြောပါတယ်။
လက်ရှိမှာ သူတို့အဖွဲ့ လှုပ်ရှားနေတဲ့ တချို့နေရာတွေဆီ တခြား CSO/NGO တွေ မရောက်နိုင်သေးတာကြောင့် အလှူရှင်တွေနဲ့ အကူအညီတွေပိုမိုလိုအပ်နေပြီး ကွင်းဆင်း လှူဒါန်းလိုသူတွေ တိုက်ရိုက်ဆက်သွယ်နိုင်တယ်လို့ ရမ္မာမြီ ပရဟိတအဖွဲ့ တာဝန်ရှိသူက DVB ကို ပြောပါတယ်။










