
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ အိန္ဒိယဈေးကို စက်တင်ဘာ ၂၈ ရက်နေ့လယ်က စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာ သေဆုံးရုပ်အလောင်းတွေထပ်တွေ့တာကြောင့် လက်ရှိအချိန်ထိသေဆုံးသူ ၄၉ ယောက်ရှိပြီး အယောက် ၅၀ ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA /AA) က ဒီကနေ့ စက်တင်ဘာ ၂၉ မှာ ထုတ်ပြန်ပါတယ်။
၂၀၂၆ ခုနှစ်အတွင်း ပုဏ္ဏားကျွန်း၊ သံတွဲ၊ အမ်း၊ ဂွနဲ့ မြောက်ဦးမြို့နယ်တွေမှာ စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်တွေအပါအဝင် အပြစ်မဲ့ အရပ်သား ရာနဲ့ချီ သေဆုံး/ဒဏ်ရာရရှိခဲ့ကြောင်း AA က ထုတ်ပြန်ထားပါတယ်။
အခုလို လေကြောင်းမှ အစုလိုက်အပြုံလိုက် သေဆုံးစေခဲ့တဲ့ အကြမ်းဖက်မှုတွေမှာ အမိန့်ပေးသူ၊ အမိန့်လိုက်နာသူတွေနဲ့ ပါဝင်ပတ်သက်သူ အားလုံးကို မှတ်တမ်းတင်ထားပြီး ထိုက်တန်တဲ့ တုံ့ပြန်မှုတွေလုပ်သွားမယ်လို့ ထုတ်ပြန်ပါတယ်။
ကျောက်တော်မြို့က အိန္ဒိယစျေးအနီးဝန်းကျင်နဲ့ ဂစ္စပနဒီ တံတားတွေကို စက်တင်ဘာလ ၂၈ ရက် နေ့လယ် ၁၂ နာရီကျော်မှာ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး လူသေဆုံး ထိခိုက်တာတွေအပြင် ကားတွေ၊ နဲ့ ဆိုင်ကယ်တွေ မီးလောင်ပျက်စီးခဲ့ပါတယ်။
တချို့ အလောင်းတွေမှာ မီးလောင်ပြာကျသွားတဲ့အတွက် အလောင်းကို ကောက်ယူလို့ မရသေးဘဲ သေဆုံးသူ အရေအတွက် ထပ်တိုးလာနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းပါတယ်။
မနေ့ည ၁၀ နာရီခွဲလောက်အထိရထားတဲ့စာရင်းအရ သေဆုံးသူ ၄၉ ယောက်၊ ဒဏ်ရာရသူ ၅၈ ယောက်ရှိပြီး အဲဒိထဲမှာ အမျိုးသမီး ၃၂ ယောက်နဲ့ အမျိုးသား ၂၆ ယောက်ပါဝင်ကာ ၂၂ ယောက်က စိုးရိမ်ရတယ်လို့ ရခိုင်ပြည်နယ်မှာ လူမှုကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ စာရေးဆရာ ဝေဟင်အောင်က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးပါတယ်။
ရခိုင်ပြည်နယ်အတွင်းစစ်အာဏာရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်တွေထဲမှာ ဒီဖြစ်ရပ်ဟာ လူအစုလိုက်အပြုံလိုက် သေဆုံးသူအများဆုံးနဲ့ အဆိုးရွားဆုံးအဖြစ်သမိုင်းမှတ်တမ်းဝင်ခဲ့ပါတယ်။










