
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေမှာ စစ်အာဏာရှင်တပ်က ကလေးငယ်တွေနဲ့ အမျိုးသမီးတွေပါ မချန် ပစ်သတ်ဖို့ အမိန့်ပေးထားတယ်လို့ အာရက္ခတပ်တော် (AA) က လက်ရဖမ်းဆီးမိထားတဲ့ စစ်သုံ့ပန်းတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။
လက်ရှိ ရခိုင်ပြည်နယ် စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့အစပ်မှာ စစ်အာဏာရှင်တပ်နဲ့ အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
အဲဒီတိုက်ပွဲတွေအတွင်းကနေ စစ်အာဏာရှင်တပ်ရဲ့ လက်နက်ခဲယမ်းတွေနဲ့အတူ စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိထားတယ်လို့ အာရက္ခတပ်တော် (AA) က စက်တင်ဘာ ၂၀ ရက်မှာ ရုပ်သံဖိုင်နဲ့တကွ ထုတ်ပြန်လာပါတယ်။
စစ်သုံ့ပန်းတွေရဲ့ ပြောဆိုချက်နဲ့ ပက်သက်လို့ DVB အနေနဲ့ သီးခြား စုံစမ်း အတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။
စစ်ရေးလေ့လာသုံးသပ်သူတယောက်ဖြစ်တဲ့ CDM ဗိုလ်ကြီးဇင်ယော်ကလည်း ရခိုင်ကို လူမျိုးတုံးသတ်ဖြတ်ပြီး အကြောက်တရားတွေပေးမဲ့ အနေအထားမျိုးပါလို့ သုံးသပ်ပြောဆိုပါတယ်။
“ကျနော်တို့ ရခိုင်ကို ရောက်လာတဲ့အချိန်ကျတော့ ဘာပြောလဲဆိုတော့ စစ်ဗိုလ်ချုပ်တွေက ရခိုင်မှန်သမျှ AA ပဲပေါ့နော်။ ရခိုင်မှန်သမျှ AA ပဲဆိုတော့ အကုန်လုံးသတ်ခိုင်းတဲ့ အနေအထားမျိုးပါပဲ။ စစ်သင်တန်းကျောင်းတွေမှာလည်း ရန်သူအား ချေမှုန်းရန်ဆိုတဲ့အစား ရန်သူကိုသတ်ရန် ဆိုပြီးတော့ သူတို့တွေ လေ့ကျင့်လာတာကို တွေ့ရတယ်။ အခု ရခိုင်မြေမှာပေါ့နော်၊ ကျနော်တို့ တပ်မပေါင်းအစုံနဲ့ ကြည်း၊ ရေ၊ လေ ထိုးစစ်ဆင်တာ အာရက္ခတပ်တော်ကို ဘယ်လိုမှ ယှဉ်လို့မရဘူး။ ဘယ်လိုမှ ယှဉ်လို့မရတဲ့အတွက် ကျနော်တို့ ဒီ ရခိုင်ကို သူတို့တွေ လူမျိုးတုံးသတ်ဖြတ်ပြီးကာမှ ကျနော်တို့ အကြောက်တရားပေးမဲ့ အနေအထားမျိုးလို့ ကျနော်တို့ တွေ့ရတယ်။”
စစ်အာဏာရှင်တပ်ဟာ ရခိုင်စစ်ပွဲကို လူမျိုးရေးပုံစံ ပုံဖော်ဖို့ ကြိုးပမ်းနေပြီး တခြား စစ်မျက်နှာတွေ မှာလည်း အခုလို အကြမ်းဖက်တဲ့လုပ်ရပ်တွေကို ကျူးလွန်ခဲ့ဖူးတယ်လို့ ဆိုထားပါတယ်။
အခုလို ကလေးငယ်တွေနဲ့ အမျိုးသမီးတွေပါမကျန် ပစ်သတ်ဖို့ အမိန့်ပေးထားတာဟာ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းတွေကို ချိုးဖောက်နေတာလို့ ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့က ဒါရိုက်တာ ဦးမြတ်ထွန်းက ထောက်ပြပါတယ်။
“ကလေးနဲ့ အမျိုးသမီးတွေပါ မချန် ပစ်ခတ်သတ်ဖြတ်ဖို့ အမိန့်ပေးထားတယ် ဆိုတဲ့ဟာကတော့ လူမျိုးတုံးသတ်ဖြတ်မှု ဂျီနိုဆိုက်တခုကို ကျူးလွန်ဖို့အတွက် အမိန့်ပေးတာလို့ ပြောချင်ပါတယ်။ ကလေးသူငယ်ရောပါမကျန် အကုန်လုံးပစ်သတ်ပါ ဆိုတာကလည်း CRC Law (ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း) အရ ကလေးသူငယ်တွေနဲ့ ပတ်သက်လို့ ပိုပြီး အကျုံးဝင်ပါတယ်။ ဒီလို တိုက်ပွဲနဲ့မသက်ဆိုင်တဲ့ ပြည်သူတွေကို စစ်အုပ်စုကနေပြီးတော့ သတ်ဖြတ်ဖို့အတွက် အမိန့်ပေးတာဟာ ဂျီနီဗာကွန်ဗန်းရှင်းကိုလည်း ချိုးဖောက်တယ်လို့ ကျနော်တို့ ပြောချင်ပါတယ်။”
စစ်အာဏာရှင်တပ်ဟာ စက်တင်ဘာ ၄ ရက်ကစပြီး ‘ရန်နိုင်အောင် ၄၉၂၆’ စစ်ဆင်ရေးနာမည်နဲ့ အင်အားအလုံးအရင်းသုံး ထိုးစစ်ဆင်နေပြီး တပ်ဖွဲ့ဝင်တွေကို မူးယစ်ဆေးတိုက်ကျွေးကာ အမိန့်တွေ ပေးနေတာပါ။
ဒါကြောင့် အသက်အန္တရာယ်လုံခြုံရေးနဲ့ ပတ်သက်လို့ ရခိုင်ပြည်သူတွေကြားမှာ စိုးရိမ်စိတ်တွေ မြင့်တက်နေပြီး ဒါဟာ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာ ဖြစ်တယ်လို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။










