DVB Logo
Home
မြန်မာသတင်း
ထိုင်းရောက် မြန်မာရွှေ့ပြောင်းကလေးများ အစိုးရကျောင်း၌ ပညာသင်ရန် အခက်အခဲရှိနေဆဲ
ဇွဲသစ်
·
May 22, 2026
ထိုင်းနိုင်ငံက ရွေ့ပြောင်းကျောင်းတခု ကျောင်းဆင်းချိန် (Photo: DVB)
ထိုင်းနိုင်ငံက ရွေ့ပြောင်းကျောင်းတခု ကျောင်းဆင်းချိန် (Photo: DVB)
Donate to DVB

ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်းကလေးငယ်တွေကို ထိုင်းအစိုးရ ကျောင်းတွေမှာ G-Code စနစ်နဲ့ အခမဲ့ ပညာသင်ကြားခွင့်ပေးပေမဲ့ လက်တွေ့မှာတော့ စာရွက်စာတမ်း အခက်အခဲ၊ ကျောင်းဝင်ခွင့် ကန့်သတ်ချက်နဲ့ ဘာသာစကား အခက်အခဲတွေကို ရင်ဆိုင်နေရပါတယ်။

ထိုင်းအစိုးရက ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှာ ထုတ်ပြန်တဲ့ ပညာရေးဆိုင်ရာ စည်းမျဉ်းအသစ် အရ နိုင်ငံသားမဟုတ်သူ၊ အိမ်ထောင်စုစာရင်း မရှိသူနဲ့ အထောက်အထားမဲ့ ကလေးငယ်တွေကိုပါ ကျောင်းလက်ခံ သင်ကြားပေးဖို့ အတည်ပြုထားပါတယ်။

အထောက်အထားမရှိတဲ့ ကလေးတွေကို G-Code လို့ခေါ်တဲ့ G အက္ခရာပါ နံပါတ် ၁၃ လုံး ထုတ်ပေးပြီး ကျောင်းတက်ခွင့်ပေးမယ်လို့ ထိုင်းပညာရေးဝန်ကြီးဌာနက ကြေညာထားတာပါ။

“Education for All” မူဝါဒအရ ရွှေ့ပြောင်းကလေးတွေ ပညာသင်ကြားခွင့်ရှိပေမဲ့ လက်တွေ့မှာ တော့ ထိုင်းကျောင်းတွေမှာ ကျောင်းအပ်တဲ့အခါ အရင်ကထက် ပိုတင်းကျပ်တဲ့ အခြေအနေတွေ လည်း ရှိနေပါတယ်။

ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က “အခု ထိုင်းအစိုးရရဲ့ ပညာရေးသည် အားလုံးအတွက် ဖြစ်ရမည်ဆိုတဲ့ Education for All ပေါ်လစီသည် ဘာပဲပြောပြော ရွှေ့ပြောင်းကလေးငယ်တွေအတွက် ပညာသင်ကြားခွင့် အခွင့်အရေး ရတယ်။ ကျနော်တို့အနေနဲ့ ကြိုဆို ထောက်ခံပါတယ်။ ကျနော်တို့အနေနဲ့လည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်ကတည်းက ထိုင်းကျောင်းကို ကျနော်တို့ ကလေးတွေ ပို့ပေးတယ်။ ဒါပေမဲ့ အခု ထိုင်းကျောင်းပို့တဲ့အချိန်မှာ အခက်အခဲတွေ တော်တော်ကြုံရတာ တွေ့ရတယ်။ အဓိကကတော့ အစိုးရက G-code ထုတ်ပေးမယ်ဆိုတာ ရွှေ့ပြောင်းကလေးငယ်တွေရဲ့ မိဘတွေပေါ့။ မိဘတွေမှာ စာရွက်စာတမ်း ရှိရမယ်ဆိုပြီး တောင်းဆိုမှုရှိတယ်။ အရင်တုန်းကတော့ မိဘတွေမှာ စာရွက်စာတမ်း ရှိရှိ မရှိရှိ၊ ကလေးတွေ ပညာသင်ကြားခွင့် ရှိတယ်လို့ နားလည်ထားပေမဲ့ အခုက ပိုပြီး ကြပ်မတ်လာတာ ရှိတယ်။ အခု ကျောင်းတွေကိုယ်တိုင်က ခါတိုင်းနဲ့မတူ ပိုပြီး စိစစ်လာတာ ကျနော်တို့ ကြုံရတယ်” လို့ ပြောပါတယ်။

ရွှေ့ပြောင်းကလေးတွေကို အခမဲ့ တန်းတူ ပညာသင်ကြားခွင့် Education for All မူဝါဒကို ဆက်လက်ထိန်းသိမ်းဖို့ ပညာရေးအဖွဲ့တွေက မျှော်လင့်ပေမဲ့ ၂၀၂၆ မတ်လအတွင်း ထိုင်းအမျိုးသားရေးလှုပ်ရှားသူအဖွဲ့တွေက ရွှေ့ပြောင်းကလေးတွေရဲ့ အခမဲ့ပညာသင်ခွင့်ကို ကန့်ကွက်ကြောင်း လက်မှတ်ပေါင်း ၈၆,၀၀၀ ကျော်နဲ့ ထိုင်းပညာရေးဝန်ကြီးဌာနဆီ တင်ပြ ဖိအားပေးခဲ့ပါတယ်။

တချို့ ထိုင်းအစိုးရကျောင်းတွေမှာဆိုရင် ကျောင်းသားဦးရေ ကန့်သတ်တာ၊ ထိုင်းမှာ မွေးစာရင်း မရှိသူတွေကို လက်မခံတာနဲ့ မိဘတွေရဲ့ အထောက်အထား မပြည့်စုံရင် ကျောင်းအပ်နှံဖို့ ခက်ခဲတာ တွေ ရှိနေတယ်လို့ မဲဆောက်မြို့က ကျောင်းသားမိဘတယောက်က ပြောပါတယ်။

“ထိုင်းကျောင်းတွေကကျတော့ အကန့်အသတ် အရမ်းများတယ်။ လူဦးရေ အကန့်အသတ် များတယ်။ သူတို့မှာလည်း အစိုးရ ထောက်ပံ့တာ ရှိတာကိုး။ ဥပမာ- ကလေးတွေအတွက် ကလေး စရိတ် ထောက်ပံ့တာ၊ ကျောင်းတွေမှာ နို့ဘူးပေးတာတွေ အဲဒီစရိတ်တွေ ရှိမယ်ထင်တယ်။ အဲဒီစရိတ် တွေကြောင့် ကျောင်းသားဦးရေ ကန့်သတ်ထားတာ ရှိတယ်။ တော်တန်ရုံ နောက်ကျသွားတာတို့၊ ထိုင်းမွေးစာရင်း မဟုတ်ရင် လက်မခံတာ များတယ်။ နောက်တချက်က မိဘတွေ အထောက်အထားမစုံရင် လက်မခံတာ များတယ်။ အဲဒါတွေ အခက်အခဲ ဖြစ်တယ်။ ထိုင်းကျောင်းတွေဆိုရင် တချို့ မိဘတွေ အထောက်အထား မရှိရင် ကျောင်းအပ်ရတာ ခက်တယ်။ ခုနကလို G-code တွေ ဘာတွေ သူတို့ အဲဒါတွေ မပေးဘူး။”

ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းကလေးတွေ ပညာသင်ကြားဖို့ နည်းလမ်းတခုအနေနဲ့ Migrant Learning Center လို့ခေါ်တဲ့ ရွှေ့ပြောင်းစာသင်ကျောင်းတွေမှာလည်း တက်ရောက်နိုင်ပြီး အဲဒီ ကျောင်းတွေမှာ မြန်မာစာ၊ ထိုင်းစာနဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဘာသာရပ်တွေကို သင်ကြား ပေးနေပါတယ်။

UNICEF Thailand ရဲ့ အစီရင်ခံစာအရ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းနဲ့ နိုင်ငံမဲ့ကလေးတွေကို ၁၅ နှစ် အခမဲ့ပညာသင်ခွင့် ပေးထားပေမဲ့ လက်ရှိအချိန်အထိ ရွှေ့ပြောင်းကလေး အများအပြားဟာ ကျောင်းပြင်ပမှာပဲ ရှိနေသေးတယ်လို့ ဖော်ပြထားပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013