DVB Logo
Home
မြန်မာသတင်း
အိုအိုင်စီနှင့်အီးယူတို့၏ နိုင်ငံရေးဖိအားပေးထားသည့် အဆိုမူကြမ်းကို မြန်မာကန့်ကွက်
DVB
·
November 19, 2020
အိုအိုင်စီနှင့်အီးယူတို့၏ နိုင်ငံရေးဖိအားပေးထားသည့် အဆိုမူကြမ်းကို မြန်မာကန့်ကွက်
Donate to DVB

မြန်မာနိုင်ငံအပေါ် နိုင်ငံရေးအရဖိအားပေးတဲ့ အစ္စလမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ)နဲ့ ဥရောပသမဂ္ဂ (အီးယူ) တို့ ပူးတွဲတင်သွင်းတဲ့ အဆိုမူကြမ်းကို မြန်မာကိုယ်စားလှယ်အဖွဲ့က အပြင်းအထန် ကန့်ကွက်လိုက်ပါတယ်။

နိုဝင်ဘာလ ၁၈ ရက်က နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပခဲ့တဲ့ (၇၅)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီ (လူမှုရေး၊ လူသားချင်း စာနာထောက်ထားမှုနှင့်ယဉ်ကျေးမှုကော်မတီ) အစည်းအဝေးမှာ အိုအိုင်စီနဲ့ အီးယူတို့ ပူးတွဲတင်သွင်းတဲ့ မြန်မာနိုင်ငံဆိုင်ရာ အဆိုမူကြမ်းအမှတ်၊ A/C.3/75/L.34 ကို မြန်မာဘက်က ကန့်ကွက်လိုက်တာ ဖြစ်ပါတယ်။

အဆိုမူကြမ်းကို မဲခွဲဆုံးဖြတ်ဖို့ မြန်မာကိုယ်စားလှယ်အဖွဲ့က တောင်းဆိုခဲ့ပြီး နိုင်ငံရေးအရဖိ အားပေးတဲ့ အဆိုမူကြမ်းအပေါ် ကန့်ကွက်မဲပေးခဲ့ကြောင်းနဲ့ အဆိုမူကြမ်းဟာ တစ်ဖက်သတ် ဆန်တဲ့အကြောင်း မြန်မာအမြဲတမ်းကိုယ်စားလှယ်က ပြောကြားခဲ့တယ်လို့  မြန်မာနိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်က မြန်မာနိုင်ငံအစိုးရအနေနဲ့ ငြိမ်းချမ်းသာယာဝပြောတဲ့ ဒီမိုကရေစီဖယ်ဒရယ် ပြည်ထောင်စုတည်ဆောက်နိုင်ရေးကြိုးပမ်းမှုမှာ တွေ့ကြုံနေရတဲ့ စိန်ခေါ်မှုတွေကို ကြိုးပမ်းဖြေရှင်းဆောင်ရွက်နေတဲ့အကြောင်း၊  သက်သေအထောက်အထား အပြည့်အစုံရှိတဲ့ ARSA အဖွဲ့ရဲ့ ရက်စက်တဲ့ ကျူးလွန်မှုတွေ၊ AA နဲ့ ARSA တို့ရဲ့ အဖျက်လုပ်ရပ်တွေကို ဖော်ပြခြင်းမပြုဘဲ လုံးဝလစ်လျူရှုထားတဲ့ အချက်တွေကို ထောက်ပြပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

အဆိုမူကြမ်းကို မဲခွဲဆုံးဖြတ်ချက် ရလဒ်နဲ့ပတ်သက်ပြီးလည်း  အုပ်စုလိုက် မဲပေးတဲ့ အလေ့အထကို တန်ပြန်ပြီး မှန်ကန်တဲ့ ရပ်တည်ချက်ကို ရဲဝံ့စွာဖော်ထုတ်ပြသခဲ့တဲ့ နိုင်ငံတွေအားလုံးကို ကျေးဇူးတင်ရှိကြောင်း မြန်မာအမြဲတမ်းကိုယ်စားလှယ်က ပြောပါတယ်။

အဆိုမူကြမ်းကို အတည်ပြုတာဟာ  လူသားချင်း စာနာမှုနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေ ကိုင်တွယ်ဖြေရှင်းရာမှာ နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာ တန်းတူညီမျှရှိရမည်ဆိုတဲ့ အချက်ကို စောင့်ထိန်းလိုက်နာမှု မရှိတာဖြစ်သလို မမျှတမှုနဲ့ သမာသမတ် မကျမှုဖြစ်ပြီး  ပစ်မှတ်ထား ရွေးချယ်ဆောင်ရွက်နေတာဖြစ်လို့ အဆိုမူကြမ်းကို မြန်မာကိုယ်စားလှယ်အဖွဲ့အနေနဲ့ ပြတ်ပြတ်သားသား ကန့်ကွက်တယ်လို့  အမြဲတမ်းကိုယ်စားလှယ်က တုံ့ပြန်ခဲ့ပါတယ်။

ရွေးကောက်ပွဲမှာ မြန်မာပြည်သူတွေအနေနဲ့ သူတို့ရည်မှန်းတဲ့ ဆန္ဒတွေကို ဆန္ဒမဲပြားတွေနဲ့ ထုတ်ဖော်ပြသခဲ့ပြီးဖြစ်လို့ အစိုးရအနေနဲ့ ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာရေးအတွက် ပြောင်းလဲမှုတွေ ဆက်လက်ပြုလုပ်သွားမယ်လို့လည်း မြန်မာ အမြဲတမ်း ကိုယ်စားလှယ်က  ပြောပါတယ်။

ဓာတ်ပုံ- MOFA

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013