
ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ ရွှေဘုံသာကျေးရွာမှာ ကလေးငယ် ၃ ယောက် အပါအဝင် မိသားစုဝင် ၅ ယောက် အသတ်ခံရမှုမှ တရားခံတွေကို ထိရောက်စွာ အရေးယူပေးဖို့ သေဆုံးသူတွေရဲ့ မိသားစုဝင်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁ ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ ရွှေဘုံသာကျေးရွာမှာ ကလေးငယ် ၃ ယောက်အပါအဝင် မိသားစုဝင် ၅ ယောာက် အသတ်ခံရပြီး ဇွန် ၃ ရက်နေ့ကျမှသာ တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
အဆိုပါဖြစ်စဉ်မှ သံသယရှိသူ တရားခံ ၅ ယောက်ကို အုန်းနှဲရဲစခန်းမှာ ဖမ်းဆီးထားပြီး စစ်ဆေးနေကြောင်း သိရပါတယ်။
သေဆုံးသူအမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူက “ကျနော် အလုပ်လုပ်တဲ့ဆီကို ရွာက ဖုန်းလှမ်းဆက်လို့ သိတာ။ မလေးရှားမှာ အလုပ်လုပ်တာ။ ရွာကတဆင့် ၃ ရက်နေ့မှာ ဖုန်းဆက်တာပေါ့။ တူဝမ်းကွဲက လှမ်းဆက်တာ။ ဖြစ်တဲ့ရွာက ရွှေဘုံသာ။ ကျနော် ပြန်ဆင်းလာတဲ့အချိန် ကလေးက ဆေးရုံမှာ။ ခွဲစိတ်ကုသထားရတယ်။ ခေါင်းအနောက်မှာတော့ သူတို့ ရိုက်ထားတာ။ သူတို့က ကလေးကို သေပြီဆိုပြီး ပစ်ထားခဲ့တာ။ ဖြစ်တာကတော့ တမိသားစုလုံး။ ကျန်တဲ့ မိသားစုဝင်တွေက ဓားခုတ်ရာတွေ၊ ထုထားထောင်းထားတာတွေ။ ကလေးဆိုရင် မျက်စိတွေက ထွက်ကျနေတာ။ အမျိုးသမီးကျတော့ အင်္ကျီတွေကအစ မရှိတော့ဘူး။ ဆုံးတာ လေးယောက်။ ကျနော်လည်း ပုံပဲ ကြည့်ရတာ။ ၇ ရက်နေ့က ရွှေဘုံသာရွာ ရောက်တယ်။ ရဲက တခေါက်ပဲ ခေါ်စစ်တယ်။ ပစ္စည်းတွေက ဘာတွေပါသွားလဲ။ ရွှေက ၄ ကျပ်သား။ ပိုက်ဆံက သိန်း ၁၀၀ နီးပါး ပါသွားတယ်။ ရဲဘက်ကတော့ ဘာမှမပြောဘူး။ အရေးယူထားတဲ့ ပုံစံလည်း မပြောဘူး။ သူတို့နဲ့ ရန်ငြိုးရန်စ ရှိလား မေးတယ်။ လူသတ်မှု ကျူးလွန်တဲ့သူတွေနဲ့က သိတယ်။ မိသားစုတွေလို နေတာ။ ရန်ငြိုးရန်စ ရှိတဲ့အပြင် သေချာ အကွက်ချပြီး လုပ်တာပေါ့။ ကျနော့်မိန်းမကိုလည်း သူတို့ အရင်ကတည်းက မကျေနပ်ဘူး။ အဓမ္မပြုကျင့်ပြီး ပစ္စည်းတွေ ယူသွားတာ၊ ကလေးတွေကျတော့ သူတို့ကို မှတ်မိတယ်လေ။ အဲဒါကြောင့် အကုန် လက်စဖျောက်သွားတာ။ ဒီအမှုကို ပေါ့ပေါ့တန်တန် မလုပ်ဘဲ ထိထိမိမိ လုပ်ပေးစေချင်တာပေါ့” လို့ ပြောပါတယ်။
ဖြစ်စဉ်ကို ကနဦး တွေ့ရှိသူတယောက်က “ကျမတို့က ရွာထဲမှာ နေတာ။ သူတို့က ကွင်းထဲနေတာ။ ပထမနေ့က ကျမ အိမ်ထောင်စုဇယား လုပ်ဖို့ဆိုပြီး ကျောင်းဆရာဆီကို သွားတာ။ ကျောင်းဆရာဆီ ရောက်တော့ သူက မေးတယ်။ မဗေဒါတဲ့ ကျော်ထက်စိုးတို့ မနေ့ကတော့ ကျောင်းလာတက်တယ်။ ဒီနေ့တော့ လာမတက်ဘူးတဲ့။ ဆရာရယ် သူတို့ ကျန်းမာရေးများ မကောင်းလို့လား ခါတိုင်းလည်း လာနေတာပဲဆိုပြီး ပြောပြီး နေလိုက်တယ်။ အဲဒါနဲ့ အရှေ့ကွင်းထဲကို အကြွေးတောင်းဖို့ သွားလိုက်တယ်။ ပြန်လာတော့ ဒီနေ့တော့ မရောက်ဖြစ်ဘူး၊ မနက်ဖြန်တော့ သွားကြည့်ပေးမယ်လို့ ဆရာ့ကို ပြောခဲ့လိုက်တယ်။ ပြန်သွားတော့ နောက်မနက်ကျတော့ သူတို့တဲ အနီးနားကပဲ ကလေးမလေးက သူတို့တဲမှာ နွားတွေက မနေ့ကတည်းက အစာလည်း မစားရဘူးပေါ့။ တဲကို တချက်လောက် သွားကြည့်ပါပေါ့။ သားဖွားဆရာမ တယောက်က သူနဲ့ တော်တော်ခင်တယ်။ အဖွားကြီးကပေါ့ ဖုန်းလည်း မကိုင်ဘူးတဲ့။ တချက်လောက် သွားကြည့်ပေးပါပေါ့။ အဲဒါနဲ့ သွားတော့ ကလေးက ရေကပြင်မှာ ဒဏ်ရာတွေနဲ့ လူးလိမ့်နေတာ။ ကျမလည်း ပူထူပြီးတော့ တဲတွေကို လှမ်းအော်တာပေါ့။ ကျမလည်း ကလေး ပွေ့ချီလိုက်တယ်။ တဲပေါ်ရောက်တော့ ရုပ်ပျက်ဆင်းပျက်။ အဲဒါနဲ့ ဒေါ်ကြီး မကိုင်နဲ့ မကိုင်နဲ့တဲ့။ ဒါက လူသတ်မှုတဲ့။ ကလေးကို ဆေးရုံအမြန်ပို့တဲ့။ ရဲကို ဖုန်းဆက်ထားပေးမယ်တဲ့။ ကလေးက သတိရတချက် မရတချက် ဖြစ်နေတာ။ ရေပဲ တောင်းသောက်နေတာ။ ရေအိုးတွေလည်း ရိုက်ခွဲထားတာတဲ့။ အုန်းနှဲဆေးရုံကနေ ပဲခူး၊ ပဲခူးကနေ မြောက်ဥက္ကလာ ဆေးရုံကို ပို့တယ်။ အဲဒီလူတွေကို လေးလေးပင်ပင် အရေးယူစေချင်တယ်" လို့ ပြောပါတယ်။
အသတ်ခံထားရသူတွေကတော့ အသက် ၅၇ နှစ်အရွယ် အမျိုးသမီးတယောက်၊ ၃၈ နှစ်အရွယ် အမျိုးသမီးတယောက်၊ ၈ နှစ်နဲ့ ၄ နှစ်အရွယ် မိန်းကလေးငယ် ၂ ယောက်၊ ၁၁ နှစ်အရွယ် ယောက်ျားလေး ဖြစ်ပါတယ်။
၃၈ နှစ်အရွယ် အမျိုးသမီးနဲ့ ကလေးငယ် ၃ ယောက်ဟာ သားအမိတွေ ဖြစ်ကြပြီး ကလေးငယ်တွေရဲ့ ပညာရေးအတွက် ရွှေဘုံသာကျေးရွာကို ပြောင်းရွှေ့လာတာ မကြာသေးဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။
အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ၄ နှစ်အရွယ် မိန်းကလေးငယ်ကတော့ မြောက်ဥက္ကလာပဆေးရုံမှာ ဆေးကုသမှုခံယူပြီး ကျန်းမာရေး ကောင်းမွန်လာလို့ နေအိမ်ပြန်လည်ရောက်ရှိလာပြီ ဖြစ်ပါတယ်။










