
ဆွီဒင်အစိုးရဟာ ၂၀၂၆ ခုနှစ်အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အတွက် ဆွီဒင်ခရိုနာ ၂ ဒသမ ၇ ဘီလီယံနီးပါး လျာထားပြီး ဒီရန်ပုံငွေတွေကို မြန်မာနိုင်ငံ အပါအဝင် ပဋိပက္ခဖြစ်ပွားနေတဲ့ နိုင်ငံပေါင်း ၂၅ နိုင်ငံက အရေးပေါ်လိုအပ်ချက်တွေအတွက် ခွဲဝေသုံးစွဲသွားမယ်လို့ ဆွီဒင်ရေဒီယိုသတင်းဌာန Sveriges Radio ဖော်ပြချက်အရ သိရပါတယ်။
ကမ္ဘာ့ဒေသအသီးသီးကို ပေးအပ်နေတဲ့ ရေရှည်ဖွံ့ဖြိုးရေး ရန်ပုံငွေတွေကို လျှော့ချ ဖြတ်တောက် နေပေမဲ့ မြန်မာနိုင်ငံအပါအဝင် ပဋိပက္ခဒဏ်ခံစားနေရတဲ့ ဒေသတွေအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကိုတော့ ဆက်လက်ပေးအပ်သွားမယ်လို့ အတည်ပြု ပြောကြားလိုက်တာပါ။
ဒီအကူအညီတွေဟာ အဓိကအားဖြင့် အစားအသောက်၊ ခိုလှုံရာနေရာ၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ သန့်ရှင်းတဲ့ သောက်သုံးရေ ရရှိရေးစတဲ့ အခြေခံလိုအပ်ချက်တွေအတွက် အဓိကထား ထောက်ပံ့ပေးသွားမှာဖြစ်ပြီး မြန်မာနိုင်ငံအပြင် ဆူဒန်၊ ယီမင်နဲ့ ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံတို့ဟာလည်း ဒီအကူအညီတွေကိုရရှိမဲ့ နိုင်ငံတွေထဲမှာ ပါဝင် နေပါတယ်။
ဆွီဒင်နိုင်ငံဟာ လက်ရှိမှာ နိုင်ငံခြားအကူအညီပေးရေး မူဝါဒကို ပြောင်းလဲကျင့်သုံးနေပြီး ရေရှည် ဖွံ့ဖြိုးရေးစီမံကိန်းတွေအတွက် ရန်ပုံငွေတွေကို သိသိသာသာ လျှော့ ချနေတာပါ။
အာဖရိက၊ အာရှနဲ့ လက်တင်အမေရိကတိုက်တွေမှာပေးနေတဲ့ ဖွံ့ဖြိုးရေးအကူအညီတွေကို ဖြတ်တောက်ခဲ့ပြီး အာဖရိကတိုက်တခုတည်းတင် အကူအညီပေးမှုကို ၃၆ ရာခိုင်နှုန်းအထိ လျှော့ချခဲ့တာကို တွေ့ရပါတယ်။
ဆွီဒင်နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုဝန်ကြီး ဘင်ဂျမင်ဒူဆာကတော့ အစိုးရအနေနဲ့ ရေရှည်စီမံကိန်းတွေထက်စာရင် လတ်တလော လိုအပ်နေတဲ့ အရေးပေါ် လူသားချင်းစာနာမှု အကူအညီတွေကို ပိုပြီးဦးစားပေးသွားမယ်လို့ ပြောပါတယ်။
ဒါ့အပြင် ဆွီဒင်အနေနဲ့ ယူကရိန်းနိုင်ငံကိုလည်း ဆက်လက်ထောက်ပံ့ပေးရမှာ ဖြစ်တာကြောင့် အကူအညီတွေကို အမှန်တကယ် အရေးတကြီး လိုအပ်နေတဲ့ နေရာတွေမှာပဲ စုစည်း အသုံးပြု သွားမယ်လို့ ဆိုပါတယ်။
ဆွီဒင်အစိုးရဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာလတုန်းက မြန်မာနိုင်ငံကို ပေးအပ်နေတဲ့ အကူအညီတချို့ကို ရပ်ဆိုင်းဖို့ စဉ်းစားခဲ့ဖူးပေမဲ့ မြန်မာပြည်တွင်းက ပဋိပက္ခဒဏ်ခံစားနေရတဲ့ ဒေသတွေမှာ အကူအညီတွေ အလွန်အမင်း လိုအပ်နေတာကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကိုတော့ ဆက်ပေးဖို့ နောက်ဆုံးမှာ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။
Source: Bay of Bengal Post











