
ကရင်ပြည်နယ်၊ ဖာပွန်မြို့ကို စစ်ကြောင်းထိုးနေတဲ့ စစ်အာဏာရှင်စစ်ကြောင်း ရှေ့ဆက်တိုးမရဘဲ တိုက်ခိုက်ခံနေရပြီး ထိခိုက်ကျဆုံးသူတွေ များနေလို့ အနီးနားက ကျေးရွာတွေကို ဝင်ရောက်မီးရှို့နေတယ်လို့ တပ်မဟာ ၅ ပြောခွင့်ရ ပဒိုစောရော်ဘင်က ပြောပါတယ်။
မေ ၅ ရက်ကစပြီး စစ်ရေးအရ မဟာဗျူကျတဲ့ ဖာပွန်ဗျူဟာနဲ့ တပ်စခန်းတွေ ပြန်လည်ရရှိရေး စစ်အာဏာရှင်တပ်က ကရင်နယ်ခြားစောင့်တပ် (BGF) အကူအညီနဲ့ လူအင်အား ၂,၀၀၀ နီးပါးနဲ့ စစ်ကြောင်းထိုးနေပါတယ်။
လက်ရှိမှာ ဖာပွန်မြို့နယ်၊ ဝါးသိုခိုအထက်နားက မိုင် ၄၀ (တခီးလူ) မှာ ရောက်ရှိလာတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းအဖွဲ့တွေက ကြားဖြတ် တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း စစ်တပ်စစ်ကြောင်းတွေ အထိနာခဲ့တာကြောင့် ကျောက်ကွင်း (လယ့်ကွယ်သို) ကျေးရွာကို ဝင်ရောက် မီးရှို့ခဲ့ပါတယ်။
မူတြော်ခရိုင်၊ တပ်မဟာ ၅ ပြောခွင့်ရ ပဒိုစောရော်ဘင်က “တိုက်ပွဲဖြစ်စဉ်မှာဆိုရင် စကစဘက်မှာတော့ မြေပြင်သတင်းအရ သိရတဲ့အပေါ်မှာ အဲဒီမှာ ဒဏ်ရာရတာ ၇ ယောက်၊ သေတာက ၄ ယောက်၊ အဲဒါ အားလုံးပေါင်း သိရတဲ့အထဲမှာ။ ကားတစင်းကတော့ မှောက်သွားတယ်။ သေတဲ့အထဲမှာ ခွဲမှူးတယောက် ထပ်ပါတယ်။ ဒဏ်ရာရတဲ့အထဲမှာ တပ်ရင်းမှူးတယောက် ထပ်ပါတယ်။ ဒီနေ့ဆိုလို့ရှိရင် ဝါးသိုခိုအထက် နည်းနည်းလေး မိုင် ၄၀ (တခီးလူ) မှာ ရောက်ပြီ။ ဒီနေ့ညနေ ၁ နာရီမှာ စစ်ကြောင်းတွေက ကျောက်ကွင်း (လယ့်ကွယ်သို) ရွာကြီး အဲဒီရွာကို ဝင်ပြီးတော့ ပြည်သူလူထုရဲ့ အိမ်တွေကို မီးရှို့တယ်။ အလုံးကတော့ အနည်းဆုံး ၇၀၊ အများဆုံး ၁၀၀ လောက်ရှိမယ်၊ မီးရှို့ပစ်လိုက်တာ” လို့ ပြောပါတယ်။
ဒါ့အပြင် မေ ၂၁ ရက် မနက် ၉ နာရီလောက်က စစ်တပ်စစ်ကြောင်းတွေ ကြားဖြတ်တိုက်ခိုက်ခံခဲ့ရပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း တပ်ခွဲမှူးတယောက် ကျဆုံးပြီး BGF တပ်ဖွဲ့ဝင် ၄ ယောက် ထိခိုက်ဒဏ်ရာရရှိကာ အထိနာခဲ့တာကြောင့် အိမ်ခြေ ၇၀ လောက်ရှိတဲ့ ဝါးသိုထကျေးရွာကို မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။
ကရင်စစ်ရေးလေ့လာသူတယောက်က “စကမကတော့ ကျနော်တို့ အားလုံးသိတဲ့အတိုင်းပဲ ကြွက်မနိုင် ကျီမီးရှို့ပဲ။ တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေကို သူတို့ တိုက်လို့ မနိုင်ရင် သူတို့ စစ်ကြောင်းချီတဲ့နေရာတွေ၊ သူတို့ ခြေကုပ်ယူတဲ့ နေရာနားမှာရှိတဲ့ အရပ်သား ပစ်မှတ်တွေကို သူတို့ ဖျက်ဆီးမယ်၊ မီးရှို့မယ်၊ မုဒိမ်းကျင့်မယ်၊ သတ်မယ်၊ ဖြတ်မယ်၊ လုမယ်၊ ဒါက သူတို့ ပုံမှန်လုပ်နေကျဖြစ်တယ်။ အဲဒီတော့ အဲဒီလိုလုပ်တဲ့အပေါ်မှာ စစ်ရေးဗျူဟာအရ မဟုတ်တော့ဘဲ ပြည်သူတွေကို တဖက်ကနေပြီးတော့မှ အကြွင်းမဲ့ သတ်ဖြတ်နေတဲ့ စစ်ရာဇဝတ်မှုလည်း မြောက်တယ်။ ဒီလိုမျိုးလုပ်နေတဲ့အပေါ်မှာ ဒေသခံပြည်သူတွေ စစ်ဘေးရှောင်တွေလည်းပဲ တနေ့ထက်တနေ့ ပိုပြီးများလာတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် KNLA ပူးပေါင်းအဖွဲ့တွေရဲ့ ဝိုင်းဝန်းပိတ်ဆို့ခံထားရတဲ့ ဖာပွန်ဗျူဟာကနေ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ နေ့ ည ပစ်ခတ်နေပါတယ်။
ပြီးခဲ့တဲ့ မေ ၂၀ ရက် ည ၁၀ နာရီလောက်က စစ်တပ်စစ်ကြောင်းက မဲကုလားကျေးရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ အမျိုးသားတယောက် ဦးခေါင်း ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်အများအပြား ထိမှန်ပျက်စီးခဲ့တယ်လို့ တပ်မဟာ ၅ ပြောခွင့်ရက ပြောပါတယ်။










