ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ ဘန်ဒီဘူဂီယို ဗိုင်းရပ်စ်မျိုးကွဲနဲ့ပတ်သက်တဲ့ အီဘိုလာရောဂါ ဖြစ်ပွားမှုအသစ်ကို အရာရှိတွေက အတည်ပြုပြီးတဲ့နောက် အာဏာပိုင်တွေက နိုင်ငံအရှေ့ပိုင်း အီတူရီပြည်နယ်မှာ အီဘိုလာရောဂါဖြစ်ပွားမှု ၂၄၆ ခုနဲ့ သေဆုံးသူ အယောက် ၈၀ ရှိပြီလို့ ကျန်းမာရေးဝန်ကြီးက မေ ၁၆ ရက်မှာ ပြောပါတယ်။
ဘန်ဒီဘူဂီယိုမျိုးကွဲအတွက် လက်ရှိမှာ အတည်ပြုထားတဲ့ ကာကွယ်ဆေးမရှိသေးလို့ အခုအပတ်မှာ တရားဝင်ကြေညာခဲ့တဲ့ ရောဂါဖြစ်ပွားမှုဟာ ဒေသဆိုင်ရာ ကျန်းမာရေးအာဏာပိုင်တွေကို စိုးရိမ်စေခဲ့ပါတယ်။
မကြာခဏ ရွှေ့ပြောင်းနေထိုင်မှုကြောင့် နယ်စပ်ဖြတ် ကျော်ကူးစက်မှုအန္တရာယ်ကို တိုးမြင့်နိုင်စေတဲ့ ယူဂန်ဒါနိုင်ငံနဲ့ နယ်စပ်နားက ဘူနီယာ၊ ရဝမ်ပါလာနဲ့ မွန်ဘွာလူမြို့တွေက ကျန်းမာရေးဇုန်တွေမှာ ရောဂါဖြစ်ပွားမှုတွေကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
ကပ်ရောဂါဟာ ကွန်ဂိုနိုင်ငံရဲ့ ၁၇ ကြိမ်မြောက် အီဘိုလာရောဂါဖြစ်ပွားမှုပါ။ နိုင်ငံအရှေ့ပိုင်းက မလုံခြုံမှုနဲ့ အိုးမဲ့အိမ်မဲ့ဖြစ်မှုတွေကြောင့် နိုင်ငံရဲ့ ကျန်းမာရေးစနစ်က အခြေအနေ တင်းမာနေဆဲ ဖြစ်ပါတယ်။
အာဏာပိုင်တွေက မေ ၅ ရက်မှာ လူမှုမီဒီယာသတိပေးချက်တွေကတဆင့် ရောဂါဖြစ်ပွားမှုကို ပထမဆုံးသိခဲ့ပြီး တုံ့ပြန်ရေးအဖွဲ့တွေကို အဲဒီဒေသတွေဆီ စေလွှတ်ခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဆင်မြူယယ်ရိုဂျာ ခမ်ဘာက မြို့တော်ကင်ရှာဆာက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“ကျနော်တို့ရဲ့အဖွဲ့တွေကို ချက်ချင်းစေလွှတ် လှုပ်ရှားစေခဲ့ပြီး ၈ ရက်မှာ မှတ်တမ်းတင်ထားတဲ့ သတိပေးချက်ကို အတည်ပြုခဲ့ပါတယ်။”
ဓာတ်ခွဲခန်းစမ်းသပ်ချက်တွေက ဘွန်ဒီဘူဂီယို မျိုးကွဲရှိနေတာကို နောက်ပိုင်းမှာ အတည်ပြုခဲ့ပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေက ရောဂါဖြစ်ပွားမှုကို တရားဝင်အတည်မပြုမီ ထိခိုက်ခံရတဲ့ ရပ်ရွာတွေမှာ သေဆုံးသူတွေကို ဖော်ထုတ်ဖို့စပြီး တက်တက်ကြွကြွရှာခဲ့တယ်လို့ ခမ်ဘာက ထပ်ပြောပါတယ်။
ကွန်ဂိုနိုင်ငံဟာ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အတွင်း မြောက်ကီဗူးနဲ့ အီတူရီပြည်နယ်တွေမှာ ကမ္ဘာ့သေဆုံးမှုအများဆုံးအဖြစ် အီဘိုလာကပ်ရောဂါ အတော်များများကို ကြုံတွေ့ခဲ့ရတာပါ။
လက်နက်ကိုင်အကြမ်းဖက်မှု၊ အာဏာပိုင်တွေအပေါ် မယုံကြည်မှုနဲ့ အားနည်းတဲ့ ဆေးဘက်ဆိုင်ရာအခြေခံအဆောက်အအုံတွေ၊ ရောဂါဖြစ်ပွားမှုတွေအတွင်း ထိတွေ့မှု ရှာဖွေခြင်းနဲ့ ကုသခြင်းလုပ်ငန်းတွေကို နှေးကွေးစေနိုင်တဲ့ အခြေအနေတွေကြောင့် ကွန်ဂိုအရှေ့ပိုင်းက ကျန်းမာရေးတုံ့ပြန်မှုတွေဟာ မကြာခဏ ရှုပ်ထွေးလေ့ရှိပါတယ်။
Source: Reuters










