DVB Logo
Home
မြန်မာသတင်း
ပုသိမ်တွင် အစိုးရထောက်ပံ့ငွေ ကျပ် ၄၀,၀၀၀ အပြည့်မရသူများ လူစုလူဝေးဖြင့် တောင်းဆို
DVB
·
November 16, 2020
ပုသိမ်တွင် အစိုးရထောက်ပံ့ငွေ ကျပ် ၄၀,၀၀၀ အပြည့်မရသူများ လူစုလူဝေးဖြင့် တောင်းဆို
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၃ ရပ်ကွက်မှာ နိုဝင်ဘာ ၁၅ ရက်နေ့က နိုင်ငံတော်က ပေးတဲ့ ကိုဗစ် ထောက်ပံ့ငွေ ကျပ် ၄၀,၀၀၀ အပြည့်မရရှိလို့ လူစုလူဝေးနဲ့ တောင်းဆိုတာတွေရှိခဲ့တယ်လို့ အုပ်ချုပ်ရေးမှူးရုံးက သိရပါတယ်။

Stay at Home သတ်မှတ်ထားတဲ့ ပုသိမ်မြို့မှာ နိုင်ငံတော်က အခြေခံလူတန်းစားတွေကို   တစ်အိမ်ထောင်လျှင် ငွေကျပ်  ၄၀,၀၀၀ စီထောက်ပံ့ဖို့ ညွှန်ကြားထားပေမဲ့   စာရင်း လိုအပ်ချက်အရ ကျပ် ၃၀,၀၀၀ ပေးဖို့  ရာအိမ်မှူးတွေကို ခွဲဝေစေခဲ့ရာကနေ ခုလို လူစုလူဝေးဖြစ် ပေါ်ခဲ့တာပါ။

လူစုလူဝေးဖြစ်ပေါ်ခဲ့တဲ့ အမှတ် ၃ ရပ်ကွက် အရှေ့ကိုးသိန်းမှာ အိမ်ထောင်စု ၁၅၈ စုအတွက် ရာအိမ်မှူးကို တစ်အိမ်ထောင် ကျပ် ၃၀,၀၀၀ နှုန်းနဲ့  ထုတ်ပေးခဲ့ပြီးနောက် ရာအိမ်မှူးက အိမ်ထောင်စု ၂၇၄ စုကို တစ်အိမ်ထောင် ကျပ်  ၁၇,၀၀၀  ပြန်ထုတ်ပေးတဲ့အပေါ်မကျေနပ်လို့ ခုလိုတောင်းဆိုတာလို့ အမှတ် ၃ ရပ်ကွက် နယ်မြေမှူး ဦးသိန်းဦးက ပြောပါတယ်။

“မြို့နယ်ကို တင်တာ အားလုံး အိမ်ထောင်စု ၁,၅၀၀ ကျော်တယ်။ ချပေးတာက ၁,၀၀၀ ကျော်ချပေးတယ်။ ရတဲ့ပိုက်ဆံကိုခွဲလိုက်တော့ တစ်ယောက်ကို ၃၀,၀၀၀ ရတယ်။ သူကိုအဲ့အတိုင်း ၁၅၈ ယောက်စာ ပေးလိုက်ပါတယ်”လို့ပြောပါတယ်။

ခုလိုပြဿနာဖြစ်တဲ့အပေါ် ခွဲတမ်းအပြည့်မရတဲ့ အိမ်ထောင်စု ၁၅၈ စုအတွက် ကျပ် ၃၀,၀၀၀ နှုန်း အပြည့်ပေးခိုင်းသွားမှာဖြစ်တယ်လို့ဆိုပါတယ်။

ဒေသခံ မငြိမ်းငြိမ်းက “ရပ်ကွက်ရုံးက ပေးလိုက်တာ ၃၀,၀၀၀ ၊ လာပေးတော့ ၁၇၀၀၀  ပဲရတယ်၊ ရုံးသွား မေးတော့ ၃၀,၀၀၀ ပေးလိုက်တယ်ပြောတယ်၊ ရုံးမှာသွားရှင်းတော့ ပေးတာပဲယူ မကျေနပ်ရင် ကြိုက်တဲ့နေရာသွားတိုင်လို့ ရာအိမ်မှူးရဲ့ ပြောဆိုတာကို ခံခဲ့ရတယ်”လို့ ပြောပါတယ်။

ရပ်ကွက်ရုံးက ပေးလိုက်တဲ့ တစ်အိမ်ထောင် ကျပ် ၃၀,၀၀၀ စာရင်းမှာ မပါတဲ့ နောက်တိုးစာရင်းတွေမှာ ပင်စင်စားတွေ ဝန်ထမ်းတွေနဲ့ ကိုယ်ပိုင်လုပ်ငန်းရှိသူတွေလည်း ပါဝင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရပ်ကွက်ထဲက တကယ်လိုအပ်နေတဲ့ လူတွေကို ရစေချင်လို့ ရပ်ကွက်ရုံးက ချပေးတဲ့ စာရင်းထက်ပိုပေးခဲ့တာဖြစ်ပြီး ပေးတဲ့အထဲမှာ ပင်စင်စားတွေ ဝန်ထမ်းတွေတော့ မပါဝင်ဘူးလို့ ရာအိမ်မှူး ဦးစိုးဝင်းက ပြောပါတယ်။

သတ်မှတ်ထားတဲ့အတိုင်းမရလို့ လူစုလူဝေးနဲ့ တောင်းဆိုတာတွေပြုလုပ်ခဲ့တဲ့အပေါ် သူ့အနေနဲ့ ရပ်ကွက်ရုံးကပေးတဲ့အတိုင်း အိမ်ထောင်စု ၁၅၈ စုကို တစ်အိမ်ထောင်ကို ကျပ် ၃၀,၀၀၀ နှုန်းဖြည့်ပေးသွားမယ်လို့လည်း  ပြောပါတယ်။

သတင်း - မင်းထက်မုန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013