
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ အတည်ပြုလူနာသစ် ၉၈၃ ယောက်ထပ်မံတွေ့ရှိခဲ့ပြီး လူနာ ၂၅ ယောက်ထပ်မံသေဆုံးခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။
သေဆုံးသူ ၂၅ ယောက်ထဲမှာ အယောက် ၂၀ က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါဟာ နိုဝင်ဘာ ၁၄ ရက် ည ၈ နာရီမှ နိုဝင်ဘာ ၁၅ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၃,၃၄၇ ခုကို စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ လူနာသစ် ၉၈၃ ယောက် ထပ်မံတွေ့ရှိခဲ့တာပါ။
လူနာသစ်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန် ကြေညာတာ မရှိသေးပါဘူး။
တိုင်းနဲ့ပြည်နယ်အသီးသီးမှာဒီနေ့ ဆေးရုံမှ ဆင်းခွင့်ရသူ ၉၈၉ ယောက်ရှိပြီး ပြည်သူ့ဆေးရုံတွေက ၂၇၁ ယောက်နဲ့ ရန်ကုန် ကိုဗစ်-၁၉ ကုသရေးဌာနတွေက ၇၁၈ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်းအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာတွေက အတည်ပြုလူနာတွေနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေအနက် ရောဂါပိုးမတွေ့သူ ၇၄၁ ယောက်ကို နေအိမ်တွေမှာ အသွားအလာ ကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုသွားမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၁၅ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၆၈,၉၉၄ ယောက်၊ သေဆုံးသူ ၁၅၇၇ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၅၂,၃၅၁ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၄ ဒသမ ၃ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၃ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၃၇ ဒသမ ၉ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။










