
ဆောက်လုပ်ရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ်အပါအဝင် ညွှန်မှူးတွေနဲ့ ကျန်းမာရေးဝန်ကြီး ဌာနက ညွှန်ကြားရေးမှူးတို့ကို ဆင့်ခေါ်ကြားနာခဲ့တယ်လို့ စစ်အာဏာရှင်လက်အောက်ခံ တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင် ဒေါက်တာရွှေပြည်စိုးဆီ က သိရပါတယ်။
အဲဒီဝန်ကြီးဌာန ၂ ခုက အရာထမ်းတွေကို တိုင်ကြားစာ လက်ခံရရှိတဲ့အတွက် နိုဝင်ဘာ ၁၇ ရက်မှာ နေပြည်တော်ရှိ ကော်မတီရုံးကို ဆင့်ခေါ်ကြားနာခဲ့တာလို့ ဆိုပါတယ်။
တိုင်ကြားစာနဲ့ဖြစ်ရပ်ကို ထုတ်ပြန်ထားတာ မရှိသလို နောက်ဆက်တွဲ စစ်ဆေးတွေ့ရှိမှုနဲ့ အရေးယူတဲ့အခြေအနေကိုလည်း ပြောဆိုထားတာ မရှိဘဲ ဆင့်ခေါ်ကြားနာခဲ့တယ်လို့ပဲ စစ်အုပ်စု အသိအမှတ်ပြုပြည်သူ့ လွှတ်တော်အမတ်ဒေါက်တာရွှေပြည်စိုးက သူ့ရဲ့ လူမူကွန်ရက်မှာ အသိပေး ထားပါတယ်။
နေပြည်တော်ဆောက်လုပ်ရေးဝန်ကြီးဌာနရုံးနဲ့ နီးစပ်ပတ်သက်သူ တယောက်က "စစ်ကိုင်းငလျင် ဖြစ်ပြီး တည်ဆောက်ရေးကိစ္စတွေမှာ ဇီးသီးဗန်းမှောက်တာလို့ကြားတယ်။ အရေးယူတာတော့ မကြားရသေးဘူး " လို့ ပြောပါတယ်။
အခုလို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ညွန်ကြားရေးမှူးချုပ်နဲ့ ညွန်မှူးတွေကိုဆင့်ခေါ်တာမတိုင်ခင် အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းမြေဧရိယာအတွင်း မြေအငြင်းပွားမူနဲ့ပတ်သက်ပြီး Mandalay Business Capical City Development ကုမ္ပဏီဥက္ကဋ္ဌ ဦးဇော်ဝိတ်နဲ့တာဝန်ရှိသူတွေကိုလည်း ဆင့်ခေါ်ကြားနာခဲ့တယ်လို့ ဒေါက်တာရွှေပြည်စိုးကအသိပေးထား ပါတယ်။
Mandalay Business Capical City Development ကုမ္ပဏီက အမရပူရ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းကို ၂၀၁၇ မှာ လုပ်ခွင့်ရရှိခဲ့တာဖြစ်ပြီး မြေဧက ၂၅၀၀ပေါ်မှာ အကောင်အထည်ဖော်မဲ့ စီမံကိန်းအတွက် ကျပ်ဘီလီယံ ၁,၃၀၀ ကျော်ရင်းနှီးမြုပ်နှံဖို့ လျာထားတာ ဖြစ်ပါတယ်။
တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးဆိုင်ရာကော်မတီက တိုင်ကြားစာကြောင့် ဆင့်ခေါ် ကြားနာခဲ့တဲ့အထဲမှာ ကျန်းမားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးတွေလည်း ပါဝင်ခဲ့ပြီး တိုင်ကြားခံရတဲ့ အကြောင်းအရင်းကို မသိရသေးပါဘူး။
စစ်အုပ်စုက ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းနဲ့ ဒုဝန်ကြီးတို့ကို အောက်တိုဘာ ၉ ရက်မှာ အနားပေးလိုက်ပြီး ဆေးဝါးတင်သွင်းတဲ့အပေါ် အဂတိ လိုက်စားမှုတွေရှိခဲ့တာကြောင့်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။











