
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်မှာ စစ်အာဏာရှင်တပ်နဲ့ ပြည်သူ့စစ်တွေအချင်းချင်း ထိုးကြိတ်မှု ဖြစ်ခဲ့ပြီး ပြည်သူ့စစ်အဖွဲ့တွေ ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ တပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ပြည်သူ့စစ်သင်တန်းဆင်းအဖွဲ့ဝင် ၁၄ ယောက်နဲ့ အရက်မူးနေတဲ့ ဗိုလ်ကြီးဆိုသူ အပါအဝင် စစ်အာဏာရှင်တပ်ဖွဲ့ဝင် ၄ ယောက်တို့ ဇူလိုင် ၂၈ ရက်က အလှည့်ကျ ကင်းစောင့်ဖို့ ကိစ္စတွေနဲ့ အချင်းချင်း ခိုက်ရန်ဖြစ်ခဲ့တာဖြစ်ပြီး သေနတ်တွေနဲ့ စစ်တပ်ဘက်က ပစ်ခတ်တဲ့အထိ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်ကိုသိရှိသူတယောက်က “ဗိုလ်ကြီးပါတဲ့အဖွဲ့နဲ့ ပြည်သူ့စစ်တပ်သားအဖွဲ့တွေ ဖြစ်တာလို့ သိရတယ်။ ဗိုလ်ကြီးဆိုသူက အလုပ်တွေခွဲဝေရာမှာ မိုင်းရှင်းလင်းတာနဲ့ ကင်းစောင့်ဖို့လို နေရာမျိုးတွေမှာ မတရား တဖက်သတ် ဖိအားပေးခိုင်းတာတွေကြောင့် ဖြစ်တာ” လို့ ပြောပါတယ်။
သာပေါင်းမြို့နယ်၊ သဲဖြူကျေးရွာဘက်မှာ တပ်စွဲထားတဲ့ စစ်အာဏာရှင်တပ် အရာရှိအဖွဲ့နဲ့ ပြည်သူ့စစ်အဖွဲ့တွေ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ခိုက်ရန်ဖြစ်တဲ့ ဖြစ်စဉ်ကို ဗိုလ်ကြီး ဆိုသူက ပြည်သူ့စစ်တွေဘက်ကို ဖိအားပေး ခြိမ်းခြောက် သတင်းဖုံးထားတယ်လို့ သိရပါတယ်။
ပြည်သူ့စစ်တွေနဲ့ နီးစပ်သူတယောက်က “ခုခံနေရတဲ့သူ အချင်းချင်း အနိုင်ကျင့် ဗိုလ်ကျလို့ ပြဿနာဖြစ်ရတာ။ ဖြစ်စဉ်က ဟုတ်ပါတယ်။ စစ်တပ်ဘက်က သေနတ်နဲ့တောင်ပစ်တာ” လို့ ပြောပါတယ်။
ခိုက်ရန်ဖြစ်တဲ့ဖြစ်စဉ်ကြောင့် စစ်အာဏာရှင်တပ်ဘက်က သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ ပြည်သူ့စစ်အဖွဲ့ဝင် ၄ ယောက်ထက်မနည်း ခြေထောက်တွေနဲ့ လက်တွေမှာ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်အာဏာရှင်တပ်ဘက်က ပြည်သူ့စစ်တွေဘက်ကို အလုပ်တွေ မတရားခိုင်းတာအပြင် အန္တရာယ်များတဲ့ နေရာတွေကို လွှတ်တာ၊ အကျိုးအမြတ်မပေးတာ စတဲ့ မတရားမှုတွေနဲ့ ပတ်သက်လို့ ပြည်သူ့စစ်တွေက နုတ်ထွက်ခွင့်တင်ထားပေမဲ့ ခွင့်မပြုဘူးလို့ သိရပါတယ်။










