ယူကရိန်းစစ်ပွဲကို ကန့်ကွက်ရှုတ်ချမှုအတွက် ရုရှားနိုင်ငံက လစ်ဘရယ်ပါတီ ယာဘလိုကိုရဲ့ အကြီးတန်း ခေါင်းဆောင်တယောက်ကို ရုရှားအစိုးရက သြဂုတ် ၁၇ ရက်မှာ ပြစ်ဒဏ် ၁၁ နှစ်နဲ့ တလ ချမှတ်လိုက်ပါတယ်။
ယာဘလိုကိုပါတီရဲ့ ဒုတိယဥက္ကဋ္ဌ လက်ဗ်ရှလိုစ်ဘာ့ဂ်ဟာ ရုရှားလက်နက်ကိုင်တပ်ဖွဲ့တွေကို ဂုဏ်သိက္ခာ ကျဆင်းစေတာနဲ့ သူတို့အကြောင်း မှားယွင်းတဲ့ သတင်းအချက်အလက်တွေ ဖြန့်ဝေတယ်ဆိုပြီး စွပ်စွဲခံခဲ့ရတာပါ။
ပြီးခဲ့တဲ့သောကြာနေ့က ပါစကော့ဗ်မြို့က တရားရုံးမှာ ပြောခဲ့တဲ့ ထွက်ဆိုချက်မှာတော့ လက်ဗ်ရှလိုစ်ဘာ့ဂ်က အပြစ်မရှိကြောင်း အခိုင်အမာပြောပါတယ်။
သူဟာ နိုင်ငံရေးအရ ရုံးတင်စစ်ဆေးမှုရဲ့ သားကောင် ဖြစ်ခဲ့တဲ့အကြောင်း ပြောခဲ့ပြီး ၄ နှစ်ခွဲကြာ ယူကရိန်းစစ်ပွဲအတွက် ချက်ချင်းအပစ်ရပ်ဖို့ သူ့ရဲ့တောင်းဆိုချက်ကို ထပ်ပြောခဲ့ပါတယ်။
လက်ဗ်ရှလိုစ်ဘာ့ဂ်ရဲ့ အယူခံကိုတော့ ရုရှားရဲ့ အမြင့်ဆုံးတရားရုံးက တနင်္လာနေ့မှာ ပယ်ချခဲ့ပါတယ်။
သူ့ရဲ့ ယာဘလိုကိုပါတီကိုလည်း လာမဲ့လကျင်းပမဲ့ လွှတ်တော်ရွေးကောက်ပွဲမှာ မပါနိုင်အောင် ဖယ်ထုတ်ဖို့ ရုရှားနိုင်ငံရဲ့ အမြင့်ဆုံးတရားရုံးက သြဂုတ် ၁၀ ရက်က ဆုံးဖြတ်ချက်ချပြီး ဒီနောက် တရားရုံးက အခုလိုစီရင်ချက် ထွက်ပေါ်လာတာပါ။
ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ တောင်းဆိုတဲ့ ရုရှားရဲ့ တခုတည်းသော နိုင်ငံရေးပါတီ ယာဘလိုကို ဟာ ရွေးကောက်ပွဲမတိုင်မီ အာဏာပိုင်တွေရဲ့ ဖိအားတွေကို အများကြီး ခံခဲ့ရတာပါ။
စစ်ပွဲနဲ့ပတ်သက်ပြီး လက်ဗ်ရှလိုစ်ဘာ့ဂ်က “ဒီအချိန်အတွင်း မရေမတွက်နိုင်တဲ့ လူ့အသက်တွေ တိုခဲ့ရတယ်။ နောက်ဆုံးမှာ တိကျပြည့်စုံတဲ့ နာမည်တွေပါတဲ့ သေဆုံးသူအရေအတွက်ကို လူသိရှင်ကြား ထုတ်ပြန်မှာဖြစ်ပြီး တနိုင်ငံလုံးက ဒီအာဇာနည်စာရင်းကို တုန်လှုပ်သွားလိမ့်မယ်” လို့ ပြောခဲ့တဲ့အကြောင်း လွတ်လပ်တဲ့ သတင်းဌာန Mediazona က ဖော်ပြပါတယ်။
ဒီနေ့ ကျနော်တို့နိုင်ငံမှာ စစ်သင်္ချိုင်းတွေက မီးဖွားဆောင်တွေ၊ မူကြိုတွေနဲ့ ကျောင်းတွေထက် အများကြီး ပိုမြန်မြန် ကြီးထွားလာနေတယ်လို့လည်း လက်ဗ်ရှလိုစ်ဘာ့ဂ်က ပြောပါတယ်။
Mediazona နဲ့ BBC ရုရှားသတင်းဌာနတို့က အများပြည်သူရနိုင်တဲ့ မှတ်တမ်းတွေအပေါ် အခြေခံပြီး ၂၃၉,၃၅၄ ယောက်ထက်မနည်းတဲ့ ရုရှားစစ်ဘက်ဆိုင်ရာ သေဆုံးသူ နာမည်တွေကို မှတ်တမ်းတင်ထားပါတယ်။
ရုရှားနဲ့ ယူကရိန်း ၂ နိုင်ငံစလုံးက နောက်ဆုံးရ ထိခိုက် သေဆုံးမှုကိန်းဂဏန်းတွေကို မထုတ်ပြန်ကြသေးပါဘူး။
Source: Reuters











