
မြန်မာနိုင်ငံတွင်း ဆေးဝါးဈေးကွက်မှာ နိုင်ငံခြားက တင်သွင်းတဲ့ ဆေးဝါးတွေ ပြတ်လပ်တာနဲ့ ဈေးနှုန်း မြင့်တက်တာတွေကြောင့် လူနာတွေဟာ လိုအပ်တဲ့ဆေးဝါးတွေကို ပုံမှန်ဝယ်ယူသုံးစွဲဖို့ အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။
အထူးသဖြင့် ရောဂါအခြေအနေအရ ဆေးဝါးကို မဖြစ်မနေ သုံးစွဲရသူတွေအတွက် ဆေးဈေးနှုန်းမြင့်တက်မှုနဲ့ ဆေးဝါးပြတ်လပ်မှုတွေဟာ ကျန်းမာရေးအပြင် စားဝတ်နေရေးကိုပါ ပိုမိုကျပ်တည်းလာစေတယ်လို့ ဆိုပါတယ်။
အသည်းရောဂါနဲ့ အစာအိမ်ရောဂါ ခံစားနေရသူတယောက်က “လက်ရှိ အန်တီသောက်နေရတဲ့ ဆေးတွေဆို အသည်းဆေးက Udihep နဲ့ နောက် အစာအိမ်ဆေး Pantoprazole တို့ပါ။ Udihep ဆို ဈေးလည်းကြီးတယ်၊ ဈေးကြီးတဲ့အပြင် တခါဝယ်တိုင်း ဈေးတက်နေတယ်။ ဈေးကြီးတဲ့အပြင် တခါဝယ်၊ တခါ ဈေးတက်တယ်။ ဈေးတက်တဲ့အပြင် Udihep က တခါတလေ ပစ္စည်းပြတ်သွားတာ၊ သွားဝယ်ရင် ပစ္စည်းကုန်နေတာ၊ ပစ္စည်းမဝင်တာတွေ ရှိတယ်။ တခါတလေဆိုရင် ရက်တွေအကြာကြီး မသောက်ရတာမျိုးတောင် ရှိတယ်။ ဒီ Pantoprazole ဆိုရင်လည်း ဟိုတလက အလားတူဆေးလောက်ပဲ ရတယ်။ ဆေးတွေကတော့ အဲလိုပဲ တခါဝယ်၊ တခါ ဈေးတက်နေတာပဲ။ ဈေးတွေက တက်ပဲတက်နေတာ၊ ကျတာတော့ မရှိဘူး။ အကုန်လုံး ကုန်ဈေးနှုန်းတွေက တအားတက်နေတော့ ပြည်သူတွေက လှိမ့်ခံနေရတာပေါ့။ ပြောရမယ်ဆိုရင် ပိုပြီးတော့ ခက်ခဲကျပ်တည်းလာတဲ့ ဘဝတွေကို ရင်ဆိုင်နေရတာပေါ့” လို့ ပြောပါတယ်။
ဆေးဝါးဈေးနှုန်းတွေ မြင့်တက်နေတာဟာ နေ့စဉ်စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့ ပြည်သူတွေအပေါ် ဝန်ထုပ်ဝန်ပိုးတခု ဖြစ်လာနေပါတယ်။
အထူးသဖြင့် ဆေးဝါးကို မဖြစ်မနေ သုံးစွဲရတဲ့ နာတာရှည် ရောဂါသည်တွေအတွက် ဈေးနှုန်းမြင့်တက်မှုနဲ့ ဆေးဝါးပြတ်လပ်မှုတွေဟာ ကုသမှုကို ဆက်လက်ခံယူဖို့ အခက်အခဲ ဖြစ်စေတယ်လို့ ဆိုပါတယ်။
လူကြီးမိဘကို စောင့်ရှောက်ရသူတယောက်က “လူတွေက ကျန်းမာရေးနဲ့ ပတ်သက်လာရင် ဒီဆေးကို မသုံးမနေရ သုံးရတော့မယ်ဆိုတော့ တန်ဖိုးဘယ်လောက်ပဲ မြင့်သွား၊ ဈေးနှုန်းဘယ်လောက်ပဲ တက်သွားတက်သွား ဒီဆေးကို မသုံးလို့မရဘူး။ သုံးကိုသုံးရမယ်ဆိုတော့ ဝယ်ရတာပေါ့။ မစားဘဲနေလို့ရတယ်၊ ဆေးမသောက်ဘဲ နေလို့မရဘူးဆိုတဲ့ ပုံစံမျိုးပေါ့။ တခါတလေ ဆီးချိုသမားတွေဆို အင်ဆူလင်ထိုးရတာရှိတယ်။ အင်ဆူလင်ပစ္စည်း ပြတ်သွားတာမျိုးဆိုရင် ဥပမာ အရင်က ဒီလ ကျပ်နှစ်သောင်းခွဲကနေ ဒီလ ငါးသောင်း ဖြစ်သွားတယ်ဆိုရင် အင်ဆူလင်က အကန့်အသတ်နဲ့ပဲ လာတော့တယ်ပေါ့။ ကျန်းမာရေးမကောင်းတဲ့လူတွေ အတွက်ကတော့ အခက်အခဲတွေ ရှိတာပေါ့” လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံခြားကတင်သွင်းတဲ့ ဆေးဝါးတွေ ပြတ်လပ်ပြီး ဈေးနှုန်းမြင့်တက်နေတာဟာ နိုင်ငံခြားငွေ ရရှိဖို့ ခက်ခဲမှု၊ ဆေးဝါးတင်သွင်းခွင့်နဲ့ ငွေပေးချေမှုဆိုင်ရာ ကန့်သတ်ချက်တွေအပြင် နယ်စပ်ကုန်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေး အခက်အခဲကြောင့်လည်း ဖြစ်နိုင်ကြောင်း သိရပါတယ်။
ဒါ့အပြင် ပြည်တွင်းဆေးဝါး ထုတ်လုပ်မှုကလည်း လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးနိုင်တာ မရှိတာကြောင့် ဆေးဝါးတင်သွင်းမှု အခက်အခဲတွေဟာ လူနာတွေရဲ့ ဆေးဝါးရရှိနိုင်မှုနဲ့ ကုန်ကျစရိတ်အပေါ် သက်ရောက်နိုင်တာ ဖြစ်ပါတယ်။
ဝေဝေ











