
ဆိုမာလီနိုင်ငံရဲ့ မြို့တော် မိုဂါဒါးရှူးမှာ မေ ၅ ရက်က တညလုံး မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် လမ်းမတွေ ပိတ်ဆို့ပြီး မြေနိမ့်ပိုင်းရပ်ကွက်တွေထဲ ရေဝင်ရောက်ခဲ့တယ်လို့ ဒေသခံတွေနဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။
မြို့ထဲက မြင်ကွင်းတွေမှာတော့ လူတွေဟာ ရွှံ့ရေတွေထဲ ခက်ခက်ခဲခဲ ဖြတ်သန်းနေကြရပြီး အာဏာပိုင်တွေကတော့ ပိတ်ဆို့နေတဲ့ ရေနုတ်မြောင်းတွေကို လိုက်လံရှင်းလင်းနေကြပါတယ်။
ဝါဒါဂျီယာ ခရိုင်အရာရှိ အသ်လီလ် မိုဟာမွတ်က “အရင်တုန်းကဆိုရင် ဒီရပ်ကွက်က လူတွေဟာ မိုးရွာပြီဆိုတာနဲ့ အိမ်တွေကို စွန့်ခွာပြီး ထွက်ပြေးကြရတာပါ။ ဒါပေမဲ့ ဘနာဒီယာ ဒေသအုပ်ချုပ်ရေးအဖွဲ့နဲ့ ဒေသခံပြည်သူတွေ ပါဝင်အားဖြည့်ကူညီပေးခဲ့ကြလို့ အခုတော့ ရေနုတ်မြောင်းစနစ်တခု တည်ဆောက်ပြီးသွားပါပြီ။ ဒါကြောင့် ဒီမနက် ၅ နာရီမှာ ကျနော်တို့ ဒီရေနုတ်မြောင်းကို လာဖွင့်ပေးခဲ့ပါတယ်” လို့ ပြောပါတယ်။
တာဝန်ရှိသူတွေကတော့ မိုးရာသီကာလတလျှောက်မှာ အခုထက် မိုးပိုရွာလာရင် မိုဂါဒါးရှူးရဲ့ ရေနုတ်မြောင်းတွေ မခံနိုင်တော့ဘဲ အန္တရာယ်ပိုများလာမှာကို စိုးရိမ်နေကြပါတယ်။
ရာသီဥတုအချက်အလက်တွေအရ မေလဟာ ဆိုမာလီရဲ့ မိုးရာသီကာလ ဖြစ်ပြီး မိုဂါဒါးရှူး အပါအဝင် ဒေသအတော်များများမှာ တစ်နှစ်ပတ်လုံး မိုးအများဆုံးရွာတဲ့အချိန် ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် တောင်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေကို တစ်နှစ်တာအတွင်း အပြင်းထန်ဆုံး မိုးရွာသွန်းမှု ရှိလာတတ်ပါတယ်။
ဆိုမာလီနိုင်ငံဟာ နှစ်ရှည်လများ မိုးခေါင်ခဲ့တာ၊ မြို့ပြတွေ အလျင်အမြန် တိုးချဲ့လာတာနဲ့ အခြေခံ အဆောက်အအုံတွေ ပျက်စီးနေတာတွေကြောင့် ရေကြီးတာနဲ့ ဆိုးရွားတဲ့ ရာသီဥတုဒဏ်ကို ပိုပြီး ခံစားနေရပါတယ်။
မိုးရာသီကာလ ရှည်ကြာလာတာနဲ့အမျှ ပုံမှန်ရွာတဲ့ မိုးလောက်နဲ့တင် မိုဂါဒါးရှူးရဲ့ ရေနုတ်မြောင်းစနစ်တွေဟာ မခံနိုင်တော့ဘဲ ဒေသခံတွေအတွက် အန္တရာယ် ပိုများလာနိုင်တယ်လို့ တာဝန်ရှိသူတွေက အရင်ကတည်းက သတိပေးထားခဲ့ပါတယ်။
Source: Reuters










