
ဂါဇာကမ်းမြောင်ဒေသရဲ့ အုပ်ချုပ်ရေးအာဏာကို လွှဲပြောင်းပေးဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဟားမတ်စ်အဖွဲ့က ဇွန် ၂ ရက်က အတည်ပြု ပြောကြားလိုက်ပါတယ်။
တချိန်တည်းမှာပဲ အမေရိကန် ဦးဆောင်တဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ရဲ့ ဂါဇာဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ် နီကိုလေမလာဒီနော့ဗ်ဟာ ဂါဇာနည်းပညာကော်မတီရဲ့ လုပ်ငန်းစဉ်တွေကို နှောင့်ယှက်ဖျက်ဆီးနေတယ်လို့လည်း စွပ်စွဲလိုက်ပါတယ်။
ဟားမတ်စ် ပြောရေးဆိုခွင့်ရှိသူ ဟာဇမ်ကက်ဆမ်က "ဟားမတ်စ်အဖွဲ့ဟာ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အခြေအနေ အားလုံးအပြင် လုံခြုံရေးကိစ္စရပ်တွေကိုပါ ကိုင်ရိုမြို့မှာ သဘောတူညီမှု ရယူထားဆဲ ဖြစ်တဲ့ အမျိုးသားကော်မတီလက်ထဲကို အပြတ်အသတ် လွှဲပြောင်းပေးဖို့ အဆင်သင့်ရှိနေပါတယ်" လို့ သတင်းထောက်တွေကို ပြောပါတယ်။
တချို့အဖွဲ့အစည်းတွေက ဟားမတ်စ်အဖွဲ့ဟာ ဂါဇာအုပ်ချုပ်ရေးကို လွှဲပြောင်းပေးဖို့ ငြင်းဆန်နေ တယ်လို့ ပြောနေတာတွေဟာ "အလိမ်အညာတွေနဲ့ သတင်းမှားဖြန့်တာတွေပဲ" ဖြစ်ပြီး ဒါဟာ သူတို့ အဖွဲ့အပေါ် ရန်တိုက်ပေးဖို့နဲ့ အစ္စရေးကျူးကျော်သူတွေအနေနဲ့ ဂါဇာမှာ စစ်ရှိန်မြှင့်ဖို့ အကြောင်း ပြချက် ပေးချင်လို့ လုပ်နေတာဖြစ်တယ်လို့ ကက်ဆမ်က ဆိုပါတယ်။
ဒါ့အပြင် အစ္စရေးဟာ ကော်မတီဝင်တွေကို နယ်စပ်ဂိတ်တွေကနေ ပေးမဝင်ဘဲ တားဆီးနေတယ်လို့ လည်း ဖြည့်စွက်ပြောဆိုပြီး အာဏာလွှဲပြောင်းရေးလုပ်ငန်းစဉ်ကို နှောင့်ယှက်နေပါတယ်ဆိုပြီး အစ္စရေးနဲ့ မလာဒီနော့ဗ် ၂ ယောက်စလုံးကို စွပ်စွဲလိုက်ပါတယ်။
အင်္ဂါနေ့က ဂါဇာအလယ်ပိုင်းမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်းလူမျိုး ၂ယောက် သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်း တရားဝင်မီဒီယာတွေက ဖော်ပြပါတယ်။
ဒဲရ်အယ်လ်-ဘားလားမြို့မှာ ဖြစ်ပွားခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတခုကြောင့် ပါလက်စတိုင်း တယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရခဲ့ပါတယ်။
အဲဒီမြို့ရဲ့ မြောက်ဘက်မှာ ဖြစ်ပွားခဲ့တဲ့ နောက်ထပ် ဒရုန်းတိုက်ခိုက်မှုတခုမှာလည်း ပါလက်စတိုင်း တယောက် သေဆုံးကာ ၂ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
အင်္ဂါနေ့မှာပဲ အစ္စရေးအစိုးရဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က ဟားမတ်စ် ဦးဆောင်တဲ့ တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်တယ်လို့ သံသယရှိသူ ပါလက်စတိုင်းတွေကို စစ်ဆေးဖို့ အထူးစစ်ခုံရုံး တခုအတွက် အစ္စရေးသုံးငွေ ရှယ်ကယ် ၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၅၀ သန်းလောက်) ကို ကာကွယ်ရေးဝန်ကြီးဌာနနဲ့ အစ္စရေးစစ်တပ်အတွက် ချထားပေးလိုက်ပါတယ်။
အစ္စရေးဘက်က ထုတ်ပြန်တဲ့ စာရင်းတွေအရ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုအတွင်း အစ္စရေးမှာ လူပေါင်း ၁,၂၀၀ လောက် သေဆုံးခဲ့ပြီး ၂၅၀ ကျော် ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်ခြင်း ခံခဲ့ရပါတယ်။
အဲဒီဖြစ်စဉ်ကြောင့် အစ္စရေးဘက်က ဂါဇာတခွင်လုံးကို လက်တုံ့ပြန်စစ်ဆင်ရေးကို အကြီးအကျယ် ဆင်နွှဲခဲ့လို့ ပါလက်စတိုင်းနယ်မြေ ပျက်စီးယိုယွင်းခဲ့ရပြီး ဂါဇာအခြေစိုက် ကျန်းမာရေး အာဏာပိုင် တွေရဲ့ အဆိုအရ အနည်းဆုံး လူပေါင်း ၇၂,၇၃၇ ယောက် သေဆုံးခဲ့ရပါတယ်။
Source: Reuters










