
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်ထောင်စုအတိုင်ပင်ခံကောင်စီလို့ သမုတ်ကာ တရားမဝင် ဖွဲ့စည်းခဲ့ပေမဲ့ တကယ့်အဖြစ်မှန်နဲ့ အလိုက်ဖက်ဆုံး နာမည်က ပြည်ထောင်စု အပယ်ခံကောင်စီသာဖြစ်ကြောင်း အားလုံးက လက်ခံကြမယ်လို့ ထင်ပါတယ်။
အတိုင်ပင်ခံကောင်စီကို သမ္မတ အာရုံကျရာ ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းရမယ်လို့ ၂၀၂၆ ဖေဖော်ဝါရီ ၃ရက် မှာ မင်းအောင်လှိုင်က မင်းအောင်လှိုင်ကို ကြိုတင်တာဝန်ပေးအပ်ခဲ့တယ်။
အဲဒီအချိန်တုန်းက အတိုင်ပင်ခံကောင်စီ ဘာလဲဆိုပြီး အကဲခတ်တွေက စူးစမ်းခဲ့ကြတယ်။ မင်းအောင်လှိုင်က သမ္မတရာထူးလည်း ယူ၊ အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌလည်း လုပ်ကာ လက်လွှတ်လိုက်ရမဲ့ စစ်တပ်ကို ထိန်းချုပ်နိုင်ဖွယ်ရှိကြောင်း အကဲခတ်တချို့က ထင်မြင်ချက်ပေးခဲ့ကြတယ်။
တချို့ဆို ၂၀၁၁ ခုနှစ်တုန်းက ဒုတိယအာဏာရှင်သန်းရွှေ စိတ်ကူးယဉ်ခဲ့တဲ့ ‘နိုင်ငံ့ဦးသျှောင်ရုံး’ ဖွဲ့စည်းကာ အရပ်ဘက်နဲ့ စစ်ဘက်ကို နောက်ကွယ်ကနေ ထိန်းချုပ်မဲ့ ပုံစံမျိုးအထိ နောက်ကြောင်းပြန် ကိုးကားခဲ့ကြတယ်။
အမည်ခံ အတုအယောင်အစိုးရအဖြစ် ရှေ့ဆက်တဲ့အခါ အာဏာသိမ်းစစ်ကော်မရှင်ထဲက ချန်ထားရစ်တော့မဲ့ လူတွေအတွက် ပြည်ထောင်စုအဆင့်နေရာ ဖန်တီး ချွေးသိပ်ဖို့ရာ အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းလိုက်ခြင်းများလားလို့ တချို့က ထင်မြင်ကြပေမဲ့ အဲဒီထင်မြင်ချက်က မှုန်မှုန်ဝါးဝါး။ အတိုင်ပင်ခံကောင်စီကို မင်းအောင်လှိုင်ကသာ ဗိုလ်လုပ်ဦးမယ်ဆိုတဲ့ ထင်မြင်ချက်သာ အားကောင်းခဲ့တယ်။ အဲဒီထင်မြင်ချက် အားကောင်းအောင်လည်း မင်းအောင်လှိုင် ဝါဒဖြန့်လမ်းကြောင်းက နှပ်ကြောင်းပေးခဲ့တာမျိုး ဖြစ်နိုင်တယ်။
ဘာလို့ဆိုတော့ မင်းအောင်လှိုင်က အတိုင်ပင်ခံကောင်စီကို အခုအတိုင်ပင်ခံဥက္ကဋ္ဌ စိုးဝင်း မရိပ်မိအောင် ကြိတ်ကြံခဲ့တာ သေချာနေလို့ပါပဲ။ ပြောရရင် စိုးဝင်းကို စစ်တပ်ထဲကနေ ထုတ်ပစ်မယ်ဆိုတဲ့ ရည်ရွယ်ချက် မင်းအောင်လှိုင်ဆီမှာ အခိုင်အမာရှိနေပေမဲ့ သူ့အနာဂတ်သူ စိုးဝင်းကြိုတင်သိရှိနေလို့လည်း မဖြစ်ပြန်။ အတိုင်ပင်ခံကောင်စီဥပဒေကို တရားမဝင်ပြဋ္ဌာန်းခဲ့တဲ့ အချိန်မှာ စိုးဝင်း ဆိုတာလည်း စစ်တပ်အာဏာကို အနီးကပ်ကိုင်တွယ်နေဆဲသော ဒုတိယ စစ်ခေါင်းဆောင်။ ၂၀၁၁ ခုနှစ်ကစလို့ ဒုတပ်ချုပ်အဖြစ် တာဝန်ယူခဲ့တာဆိုတော့ စစ်တပ်ထဲမှာ သူ တည်ဆောက်ခဲ့တဲ့အာဏာကလည်း ဘယ်သေးလိမ့်မလဲ။ ပြီးတော့ ၁၀၂၇ စစ်ဆင်ရေး ကာလ၊ စစ်တပ်ကသောက်သောက်လဲသေ၊ ခွက်ခွက်လန်ရှုံးနေခဲ့စဉ်က စစ်မတိုက်တတ်တဲ့ မင်းအောင်လှိုင် တပ်ချုပ်နေရာ စိုးဝင်း လက်အပ်ပါလို့ တပ်ထောက်ခံသူတချို့က လူသိရှင်ကြား အော်ဟစ်ခဲ့တာကိုလည်း မင်းအောင်လှိုင် ဘယ်မေ့မလဲ။
စိုးဝင်းကို စစ်တပ်ထဲ ထားခဲ့ရင် တချိန်မှာ အာဏာပြန်သိမ်းခံရနိုင်တဲ့ အန္တရာယ်ကြီးက မသေး။ တရားမဝင် ဒုသမ္မတအဖြစ် ဆက်လက်တွဲဖို့လည်း အာရုံမရှိတော့တာကြောင့် စိုးဝင်းကို အနားနီးမှ အလစ်အငိုက်ယူ ဖြုတ်ပစ်ခဲ့တဲ့ပုံ။ မင်းအောင်လှိုင်က စိုးဝင်းကိုဖြုတ်ပြီးတာနဲ့ ခြေမြန်လက်မြန်ပဲ သူ့တပည့်ရင်းတွေကို အစားထိုး။ စစ်တပ်ထုံးစံအတိုင်း စိုးဝင်း ပြုတ်ပြီဆိုရင် စိုးဝင်းရဲ့ တပည့်ရင်းချာ အယောက် ၁၀၀ ပတ်လည်လောက်ကိုလည်း တပ်ထဲကနေ မဖြုတ်ရင်တောင် မူးလို့ရှူစရာ ငါးပြားတစေ့ အာဏာမရှိတဲ့နေရာတွေဆီ ချောင်ထိုးပစ်လိုက်မှာ သေချာတယ်။
ပြီးတော့မှ ပြည်ထောင်စုအတိုင်ပင်ခံဥက္ကဋ္ဌအဖြစ်နဲ့ နိုင်ငံတော်ကြီးရဲ့ လုံခြုံရေး၊ နိုင်ငံတကာဆက်ဆံ ရေး၊ ငြိမ်းချမ်းရေးနဲ့ ဥပဒေပြုရေးကိစ္စရပ်တွေကို အကြံပေး၊ ညှိနှိုင်းဆောင်ရွက်ခြင်းတို့ ပြုလုပ်ပေးပါလို့ နှစ်သိမ့်လိုက်တာမျိုး။ နောက်တမျိုးထပ်ပြောရရင် အာဏာသိမ်းစစ်ခေါင်းဆောင် နံပါတ် ၂ ကို စစ်တပ်ထဲကနေ အပြီးအပြတ် ရှင်းထုတ်ပစ်လိုက်ပေမဲ့ အများအမြင်လှအောင် အာဏာမရှိတဲ့ နေရာတခု ပြန်ပေးလိုက်တဲ့ သဘော။ ပြောရရင် အာဏာသိမ်း စစ်ခေါင်းဆောင်နံပါတ် ၂ ရဲ့ လက်ရှိအဆင့်အတန်းဟာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရဲ့ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် စောထွန်းအောင်မြင့်နဲ့ မခြား။
၁၉၉၇ ခုနှစ်တုန်းက တိုင်းမှူးဟောင်း ဝန်ကြီးတွေဖြစ်တဲ့ ထွန်းကြည်၊ ကျော်ဘ၊ မြင့်အောင် စတာတွေကို နိုင်ငံတော်အကြံပေးတွေအဖြစ် ခန့်အပ်ပြီး နောက်ပိုင်းမှာ လုံးဝအနားပေးခဲ့တာကိုလည်း အမှတ်ရ စရာပါပဲ။
စိုးဝင်း တင် အပယ်ခံလိုက်ရတာလား ဆိုတော့ အတိုင်ပင်ခံကောင်စီအတွင်းရေးမှူးက မကြာသေးတဲ့ ဧပြီလထဲမှာပဲ ဗိုလ်ချုပ်ကြီးအဖြစ်ကနေ လားပင်စင်အပေးခံရတဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း မောင်မောင်အေး။ အဖွဲ့ဝင်တွေအဖြစ် မင်းအောင်လှိုင် ခန့်ခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း သန်းဆွေ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဟောင်း ကိုကိုလှိုင်၊ တိုင်းရင်းသားရေးရာ ဒုဝန်ကြီးဇော်အေးမောင်။ ပြီးတော့ ကာလုံအကြံပေး မန်းငြိမ်းမောင်၊ ဒွဲဘူ… စသဖြင့်။
မင်းအောင်လှိုင် သက်ဆိုးရှည်ရေး ဒေါက်တိုင်တွေအဖြစ် ထမ်းပိုးခဲ့ကြတဲ့ အတိုင်ပင်ခံကောင်စီဝင်တွေကို ကြည့်လိုက်ရင် မင်းအောင်လှိုင်က သူ့ရှေ့ခရီးအတွက် မလိုအပ်တော့လို့ ချန်ထားလိုက်ပေမဲ့ ဒီအတိုင်းကြီး မျက်နှာလွှဲခဲပစ် မလုပ်ကောင်းတာကြောင့် အကျသက်သာအောင် အကြံပေးအဖြစ် ဆက်လက်ပါ ဝင်ခွင့်ပေးလိုက်တဲ့သဘော။
အတိုင်ပင်ခံကောင်စီရဲ့ နောက်ထပ်ထူးခြားချက်က မင်းအောင်လှိုင်ရဲ့ အပယ်ခံတွေတင်မကဘဲ ပြည်သူ့အပယ်ခံ ၂ ဦးဖြစ်တဲ့ ချိုချိုကျော်ငြိမ်းနဲ့ ကိုကိုကြီးပါ အဖွဲ့ဝင်အဖြစ် ပါဝင်နေခြင်းပါပဲ။ ချိုချိုကျော်ငြိမ်းရဲ့ ထင်ရှားတဲ့ဝိသေသကတော့ ဖဆပလခေတ် ဒုဝန်ကြီးချုပ်ဦးကျော်ငြိမ်းရဲ့ သမီး။ နောက်ထပ်ထင်ရှားတဲ့ အမှတ်အသားက ဘယ်တုန်းကမှ လွှတ်တော်အမတ်တနေရာတောင် အနိုင်မရခဲ့တဲ့သူ။
ပြည်သူ့ပါတီဥက္ကဋ္ဌ ကိုကိုကြီး ဆိုတာလည်း အားလုံးသိကြတဲ့အတိုင်းပဲ။ ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီအမတ်ကို ခွက်ခွက်လန်ရှုံးနိမ့်ခဲ့ရုံတင်မက တရားမဝင်တဲ့ ၂၀၂၅ ရွေးကောက်ပွဲမှာလည်း ဘယ်သူမှ မသိတဲ့ ကြံ့ဖွံ့အမတ်ကိုတောင် ရှုံးနိမ့်တဲ့အထိ အောင်မြင်ခဲ့တဲ့သူ။ ထပ်ပြောရရင် သူတို့ ၂ ဦးစလုံးဟာ ပြည်သူ့အပယ်ခံ။ ဒါ့ကြောင့်လည်း အကြမ်းဖက်သမ္မတ မင်းအောင်လှိုင် တကူးတက ပစ်ကျွေးတဲ့ အရိုးအရင်းလေးရတာကို သိပ်ဝမ်းသာနေမဲ့ပုံ။ သူတို့ရဲ့ရှေ့မှာ စစ်ကောင်စီအဖွဲ့ဝင် ရာထူးအထိ မင်းအောင်လှိုင် မြှောက်စားခဲ့တဲ့ သိန်းညွန့်နဲ့ ခင်မောင်ဆွေတို့ ရှင်လျက်နဲ့ သေနေတာမြင်နေရပေမဲ့ ဒီဘဝဒီကမ္ဘာမှာ ဒီလိုရာထူးမျိုးရဖို့ရာ မဖြစ်နိုင်တော့လည်း ဘယ် ငြင်းနိုင်မှာလဲ။
ဆိုတော့ အတိုင်ပင်ခံကောင်စီဆိုတာ မင်းအောင်လှိုင်စွန့်ပစ်ခဲ့တဲ့ အပယ်ခံတွေနဲ့ ပြည်သူ့အပယ်ခံတို့ စုဝေးရာ အပယ်ခံရပ်ဝန်းလို့ ဆိုရင် မမှား။ ဒီအပယ်ခံတွေရဲ့ လုပ်ငန်းဆောင်တာက ဘာပါလဲ။ တရားမဝင်တဲ့ ဥပဒေပြဌာန်းချက်ထဲမှာ “ပြည်ထောင်စုလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတကာဆက်ဆံရေး၊ ငြိမ်းချမ်းရေးနဲ့ ဥပဒေပြဋ္ဌာန်းရေးဆိုင်ရာ ကိစ္စရပ်တွေကို အကြံပေးခြင်းနဲ့ ညှိနှိုင်းဆောင်ရွက်ခြင်းတို့ ပြုလုပ်နိုင်ရေး…”လို့ ဖော်ပြထားပေမဲ့ အကြမ်းဖက်သမ္မတကို အကြံပေးခြင်းသာ လုပ်ဆောင်ရမှာဖြစ်ပြီး ပေးတဲ့အကြံတွေကို မယူရကောင်းလားဆိုပြီး စောဒကတက်ပိုင်ခွင့် မရှိပါဘူး။
နောက်ထပ် မေးစရာတခုက စိုးဝင်းကို ကောက်ကာငင်ကာ ဖြုတ်လိုက်တာကြောင့် တပ်တွင်း ပုန် ကန်မှုတစုံတရာ ဖြစ်လာနိုင်မလား ဆိုတာပါပဲ။ သေချာပေါက် ပြောနိုင်တာကတော့ စိုးဝင်းဟာ အာဏာအသက်မဲ့သွားပြီဖြစ်သလို တပ်ထဲက စိုးဝင်းရဲ့ ငယ်ကျွန်တွေကလည်း မမိုက်မဲပါဘူး။ ဒီဘက်ခေတ် သန်းရွှေ ပျိုးထောင်ခဲ့တဲ့ စစ်တပ်ဆိုတာ အဂတိလိုက်စားမှုကိုယ်စီ၊ အကျိုးစီးပွားကိုယ်စီနဲ့မို့ ဆရာပြုတ်လို့ တပည့်တွေ ထောင်လွှားခြားနားတာမျိုး လုံးဝမရှိပါဘူး။
စိုးဝင်းတယောက် မကျေနပ်ရင် စိတ်ပုတီးကို နာနာစိပ်ပြီး ဂေါက်သီးနာနာရိုက်ကာ ရုံးတက်ငိုက်မြည်းနေရုံကလွဲလို့ တခြားမရှိပါဘူး။ မင်းအောင်လှိုင် စွန့်ပစ်ခဲ့တဲ့ ကျန်အပယ်ခံတွေကတော့ အကြံပေးဘဝကနေ ထပ်မပြုတ်စေရေးအတွက် တတ်သလောက်မှတ်သလောက် အကြံတွေ ဆက်ပေးနေရဦးမှာပါပဲ။
လင်းဆက်ငြိမ်းချမ်း










