
ဧပြီလ အပစ်အခတ်ရပ်စဲမှုနောက်ပိုင်း ပထမဆုံးအကြိမ် အပြန်အလှန်တိုက်ခိုက်ခဲ့ကြတဲ့ အီရန်နဲ့ အစ္စရေးဟာ တိုက်ခိုက်မှုတွေ လတ်တလော ရပ်ဆိုင်းထားမယ်လို့ အသီးသီး ကြေညာခဲ့ကြပါတယ်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက လတ်တလောမှာ အပစ်အခတ် ရပ်ထားမယ်လို့ ဇွန် ၈ ရက်က ပြောပါတယ်။ ဒါပေမဲ့ အီရန်နဲ့ ဟစ်ဇ်ဘိုလာကို တိုက်ခိုက်နေတာတွေ ပြီးဆုံးသေးတာ မဟုတ်ဘူးလို့ နေတန်ယာဟုက ဆိုပါတယ်။
အီရန်ဘက်ကလည်း အစ္စရေးကို ထိခိုက်နာကျင်စေမဲ့ တုံ့ပြန်မှုမျိုး ဆောင်ရွက်အပြီးမှာ စစ်ဆင်ရေး တွေကို ရပ်ဆိုင်းလိုက်ပြီလို့ ကြေညာပါတယ်။
အစ္စရေးက လက်ဘနွန်နဲ့ အီရန်ကို ထပ်မံတိုက်ခိုက်လာရင် ပိုပြင်းပြင်းထန်ထန် တိုက်မယ်လို့ သတိပေးထားပါတယ်။
ဇွန် ၇ ရက်က ဘေရွတ်မြို့ တိုက်ခိုက်ခံရမှုကို လက်စားချေတဲ့အနေနဲ့ အီရန်က အစ္စရေးကို ဒုံးကျည် တွေနဲ့ ပစ်ခတ်ခဲ့တာပါ။
အဲဒီနောက် ဇွန် ၈ ရက် မနက်ပိုင်းမှာ အစ္စရေးက အီရန်စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေကို ပြန်လည် ပစ်ခတ်ခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ထိခိုက်စေနိုင်တဲ့ အတွက် နှစ်နိုင်ငံစလုံးကို ပစ်ခတ်မှုတွေ ချက်ချင်းရပ်ဖို့ လူသိရှင်ကြား တောင်းဆိုခဲ့ပါတယ်။
အစ္စရေးအနေနဲ့ အီရန်ကို ထပ်မံစစ်ခင်းမယ်ဆိုရင် တယောက်တည်း ရင်ဆိုင်ရလိမ့်မယ်လို့ သမ္မတ ထရမ့်ပ်က နေတန်ယာဟုကို သတိပေးထားပါတယ်။
Source:Reuters










