
မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၉၉၅ ယောက်ထဲမှာ ရန်ကုန်တိုင်းက ၇၈၆ ယောက်နဲ့ အများဆုံးပါဝင်တယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနရဲ့ ဒီကနေ့ညနေ ၄ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။
ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ သန်လျင်မြို့နယ်က ၇၃ ယောက်၊ မင်္ဂလာဒုံ မြို့နယ်က အယောက် ၇၀၊ မြောက်ဥက္ကလာပမြို့နယ်က ၅၉ ယောက်နဲ့ အများဆုံး တွေ့ရှိ ခဲ့ပြီး စုစုပေါင်း မြို့နယ် ၄၁ မြို့နယ် ပါဝင်နေတာ ဖြစ်ပါတယ်။
တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေး တိုင်း မြို့နယ် ၁၅ ခုမှာ ၆၃ ယောက်၊ ဧရာဝတီတိုင်းမြို့နယ် ၉ ခုမှာ ၄၄ ယောက်၊ ရခိုင်ပြည် နယ်မြို့နယ် ၉ ခုမှာ ၃၅ ယောက်၊ ပဲခူးတိုင်းမြို့နယ် ၉ ခုမှာ ၂၃ ယောက်၊ စစ်ကိုင်းတိုင်းမြို့ နယ် ၅ ခုမှာ ၁၄ ယောက်၊ မွန်ပြည်နယ်မြို့နယ် ၄ ခုမှာ ၁၃ ယောက်၊ မကွေးတိုင်းမြို့နယ် ၆ ခုမှာ ၇ ယောက်၊ ရှမ်းပြည်နယ်မြို့နယ် ၄ ခုမှာ ၅ ယောက်၊ ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ၃ ယောက်၊ တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ ၂ ယောက်စီ အသီးသီး တွေ့ရှိခဲ့ပါ တယ်။
ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ ၂၅၅ ယောက် ပါဝင်တယ်လို့ ကျန်းမာ ရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၅ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၅၇,၉၃၅ ယောက်၊ သေဆုံးသူ ၁,၃၅၂ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၄၂,၁၇၈ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၉ သန်း ကျော်၊ သေဆုံးသူ ၁ ဒသမ ၂ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၃၅ သန်း ကျော် ရှိနေပြီ ဖြစ်ပါတယ်။











