DVB Logo
Home
မြန်မာသတင်း
ကြံ့ခိုင်ရေးပါတီ မမှန်မကန်သတင်းလွှင့်ခဲ့သဖြင့် အရေးယူပေးရန် မဲရုံတာဝန်ကျ ဆရာမများပြော
DVB
·
November 5, 2020
ကြံ့ခိုင်ရေးပါတီ မမှန်မကန်သတင်းလွှင့်ခဲ့သဖြင့် အရေးယူပေးရန် မဲရုံတာဝန်ကျ ဆရာမများပြော
Donate to DVB

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ထုတ်ပြန်တဲ့ သတင်းလွှာမှာ မမှန်ကန်တဲ့ ဖြစ်ရပ်တွေ ပါနေတဲ့အတွက် အရေးယူပေးဖို့ သက်ဆိုင်ရာကို တိုင်ကြားသွားမယ်လို့ ဇေယျာသီရိမြို့နယ်ထဲမှာ  မဲရုံတာဝန်ကျတဲ့ ဆရာမတွေက ပြောပါတယ်။ 

ကြံ့ခိုင်ရေးပါတီရဲ့ အမျိုးသမီးရေးရာကော်မတီ ရုပ်သံ သတင်းအစီအစဉ်မှာ “ဇေယျာသီရိ မြို့နယ် ကျောက်ချက်အုပ်စု၊ အိုင်စောက်ကျေးရွာရှိ မဲရုံမှာ ရွေးကောက်ပွဲကော်မရှင်နဲ့ တာဝန်ကျ ဆရာမတွေက ပြည်ခိုင်ဖြိုးပါတီအတွက် မဲလာရောက်ပေးတဲ့ သက်ကြီးရွယ်အိုတွေကို ကိုယ်စား မဲပေးခွင့်မပြုဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထောက်ခံသူ သက်ကြီးရွယ်အိုတွေကိုတော့ ကိုယ်စားထည့်ခွင့်ပြုတာကြောင့် ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲကော်မရှင်နဲ့ တာဝန်ကျဆရာမ တွေကို အရေးယူ ပေးဖို့ တိုင်ကြားသွားမယ်လို့ သိရပါတယ်။ ရပ်ကျေးကော်မရှင်ဥက္ကဋ္ဌ ဦးသန်းငွေနဲ့ မဲရုံမှူး ဒေါ်ခင်လေးဆွေက ပြည်ခိုင်ဖြိုးပါတီကို မဲလာပေးနေတဲ့ သက်ကြီးမဲဆန္ဒရှင်တချို့ရဲ့ လက်ကိုကိုင်ပြီး NLD ပါတီမဲနေရာမှာ ရိုက်နှိပ်တာတွေလုပ်ဆောင်ခဲ့ တယ်လို့ မဲဆန္ဒရှင်ထံက သိရပါတယ် ” ဆိုပြီး ထုတ်လွှင့်ခဲ့ပါတယ်။

နိုဝင်ဘာလ ၃၁ ရက်နေ့က ဇေယျာသီရိမြို့နယ် အိုင်စောက်ကျေးရွာအတွင်းမှာ ကျန်းမာရေးအရမလာနိုင်တဲ့ သက်ကြီးရွယ်အိုတွေကို ကြိုတင်မဲသွားရောက်ကောက်ယူတာမှာ အခုလိုဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။

အခုလို ကြံ့ခိုင်ရေးပါတီရဲ့ ရုပ်သံသတင်း ထုတ်လွှင့်ချက်တွေဟာ မှန်ကန်မှုမရှိဘဲ လိမ်လည် လုပ်ကြံထားတဲ့အတွက် ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်ကို တိုင်ကြားသွားမှာဖြစ်သလို ဥပဒေကြောင်းအရလည်း တိုင်ကြားသွားမယ်လို့  ဇေယျာသီရိမြို့နယ်၊ ကျောက်ချက်အုပ်စု၊ အိုင်စောက်ကျေးရွာမှာ မဲရုံတာဝန်ကျ ဆရာမတွေက ပြောပါတယ်။

အလယ်တန်းပြဆရာမ ဒေါ်ခင်လေးဆွေက  “တကယ်တမ်း ကျမက မဲရံမှူးလည်း မဟုတ်ပါဘူး။ သူတို့က ကျမကို သက်သက်နာမည်အလွဲသုံးစား လုပ်လိုက်တာပါ။ မည်သူ တစ်ဦးတစ်ယောက်ရဲ့ လက်ကိုကိုင်ပြီးတော့မှ တံဆိပ်တုံးလည်း မရိုက်ပေးခဲ့ပါဘူး။ ကျမ မဲလက်မှတ် ထုတ်ပေးတာပါ။ ဒါကိုသူတို့က ပြည်ခိုင်ဖြိုးပါတီကို မဲပေးဖို့လာတဲ့ အဘိုးအဘွားတွေရဲ့ လက်ကို ကိုင်တွယ်ပြီးတော့ ရပ်ကျေးကော်မရှင် ဥက္ကဋ္ဌ ဦးသန်းဝေနဲ့ မဲရုံမှူး ဒေါ်ခင်လေးဆွေတို့က NLD ပါတီအကွက်မှာပဲ တံဆိပ်တုံးရိုက်ပါတယ်ဆိုတဲ့ အဲဒီသတင်းကအမှားပါ။ ကျမသည် အဘိုး အဘွားတွေရဲ့လက်ကို မကိုင်ခဲ့ပါဘူး။ မဲလက်မှတ်ထုတ်ပေးရုံသက်သက်ပါပဲ။ မဲလက်မှတ်ထုတ် ပေးတဲ့နေရာမှာပဲ ကျမကူညီတာပါ။ ကျမနာမည်ကို အလွဲသုံးစားနာမည်ပျက်အောင် ဖျက်ဆီး တာပါ။ ရွာထဲကို လိုက်တဲ့အခါမှာ ဘယ်အဘိုးအဘွားရဲ့လက်ကိုမှကိုင်ပြီး မရိုက်(တံဆိပ်တုံး)ပေးခဲ့ပါဘူး။ သူတို့ဘယ်ပါတီကိုပေးတယ်ဆိုတာ ကျမနဲ့ မဆိုင်ပါဘူး။ ဘယ်အဘိုးအဘွားကိုလည်း ဘယ်ပါတီကိုပေးပါလို့ ကျမတစ်ခွန်းမှမပြောခဲ့ပါဘူး ” ပြောပါတယ်။

ကြံ့ခိုင်ရေးပါတီရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ ရပ်ကျေးရွေးကောက်ပွဲကော်မရှင်ကိုပဲ တိုင်ကြားထားရသေပြီး ကော်မရှင်အဆင့်ဆင့်ကို ဆက်လက်တိုင်ကြားသွားမှာဖြစ်သလို ဥပဒေကြောင်းအရလည်း ဆောင်ရွက်သွားမယ်လို့ မဲရုံးမှူး ဖြစ်သူဆရာမ ဒေါ်စန်းစန်းမြင့်ကလည်း ပြောပါတယ်။

“ကျမတို့ကို မတရားပြောထားတဲ့အတွက် အရေးယူလို့ရရင် အရေးယူချင်တယ်။ မဟုတ်မမှန်သတင်းဖြန့်တဲ့သူကိုပေါ့။ လူတစ်ယောက်ရဲ့ဂုဏ်သိက္ခာ ဘယ်လောက်ညှိုးနွမ်းတယ် ဆိုတာ သိစေချင်တာပေါ့။ သူတို့က ဟုတ်လို့မှန်လို့တင်တယ်ဆို ကျမတို့ လက်ခံတယ်။ တစ်နိုင်ငံလုံးကို ပျံ့နှံ့သွားပြီလေ။ ဒီဆရာမတွေက ဒီလိုပါလားဆိုပြီး မသိတဲ့လူတွေ သုံးသပ်လိမ့်မယ်၊ ကောက်ချက်ချလိမ့်မယ်။ အဲဒါကြီးကို ကျမတက မဟုတ်ဘူးဆိုတဲ့အကြောင်း ထင်ရှားစေချင်တာ။ ကျမတို့က စည်းကမ်းနဲ့ လမ်းညွှန်ချက်အတိုင်းလုပ်ခဲ့တာလေ” လို့ ကျောင်းအုပ်ဆရာမလည်းဖြစ်တဲ့ ဒေါ်စန်းစန်းမြင့်က ပြောပါတယ်။

ဒါအပြင် ကြိုတင်မဲလိုက်လံကောက်ယူတာမှာပါဝင်တဲ့ အိုင်စောက်ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင် တစ်ဦးဖြစ်တဲ့ ဝင်းဌေးကတော့ အခုလို မဟုတ်မမှန်သတင်းလွှင့်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးပါတီ အမျိုးသမီးရေးရာကော်မတီနဲ့ မဟုတ်မှန်ဖြေဆိုခဲ့တဲ့သူတွေကို တရားဥပဒေကြောင်းအရ ဆောင်ရွက်သွားမှာဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်ကိုလည်း တိုင်ကြား ထားတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013