DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် မြေစာပုံပြိုကျပြီး ရေမဆေးကျောက်တူးသမား ၅ ဦးထက်မနည်း သေဆုံး
DVB
·
March 18, 2026
ဖားကန့်၊ မှော်ဆီစာ မြေစာပုံ ပြိုကျပြီး သေဆုံးသည့် အလုပ်သမားများ။ Photo: Padang Nsen
ဖားကန့်၊ မှော်ဆီစာ မြေစာပုံ ပြိုကျပြီး သေဆုံးသည့် အလုပ်သမားများ။ Photo: Padang Nsen
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်ဆီစာရပ်ကွက်ရှိ ကျောက်စိမ်းလုပ်ကွက်တခုမှာ မတ် ၁၇ ရက်ညနေက မြေစာပုံပြိုကျပြီး ရေမဆေးကျောက်တူးသမား ၅ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့ ညနေ ၃ နာရီခွဲလောက်က မှော်ဆီစာရပ်ကွက်ရှိ စိန်စိန်ကုမ္ပဏီ ကျောက်စိမ်းလုပ်ကွက်ကျင်းဟောင်းမှာ မြေစာပုံပြိုကျခဲ့ပြီး ရေမဆေးကျောက်တူးသမားတွေ မြေပြိုကျမှုထဲပါသွားတာလို့ ဖားကန့်ဒေသခံ တယောက်က ပြောပါတယ်။

“လုပ်ကွက်ဟောင်း ဖြစ်တာပါ။ စိန်စိန်ကုမ္ပဏီ လုပ်ကွက်ဟောင်း။ ၂၀၂၄ -၂၀၂၅ လောက်တုန်းကဟာ ဖြစ်မယ်။ မိုးဝင်တော့ မြေပျော့လို့ အပေါ်ကနေ ကမ်းပါးပြိုကျလာတော့ အောက်ကတူးတဲ့‌ ရေမဆေးသမားတွေ ပါကုန်တာပေါ့။ ညနေကပဲ အလောင်း ၅ လောင်း ပြန်ရထားပြီ။”

အဲဒီကမ်းပါးပြိုကျတဲ့ မြေစာပုံနေရာဟာ ပြီးခဲ့တဲ့ ၂၀၂၄ - ၂၀၂၅ ခုနှစ်အတွင်း တွန်ချထားတဲ့ မြေစာပုံဟောင်း‌နေရာဖြစ်ပြီး လတ်တလော မိုးရွာတဲ့အခြေအနေကြောင့် ပြိုကျတဲ့ အခြေအနေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ ကမ်းပါးပြိုကျတဲ့ မြေစာပုံနေရာဟာ ပြီးခဲ့တဲ့ ၂၀၂၄ – ၂၀၂၅ ခုနှစ်အတွင်း သွန်ချထားတဲ့ မြေစာပုံဟောင်းနေရာ ဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသူတွေထဲမှာ ရေမဆေးကျောက်တူးသမားတွေ အပါအဝင် ကုမ္ပဏီလုပ်သားတချို့လည်း ပါဝင်တယ်လို့ သိရပြီး အသေးစိတ်အခြေအနေကိုတော့ မသိရသေးပါဘူး။

ဖေဖော်ဝါရီ ၁၆ ရက်ကလည်း ကုဋေမှော် တစ်သုံးလုံးလုပ်ကွက်ထဲ မြေစာပုံပြိုကျပြီး ရေမဆေးသမား အယောက် ၂၀ ထက်မနည်း ထိခိုက်သေဆုံးခဲ့ပါတယ်။

ကမ္ဘာကျော်ကျောက်စိမ်းထွက်ရှိတဲ့ ဖားကန့်ဒေသမှာ နှစ်စဉ် မြေစာပုံပြိုကျတဲ့ ဖြစ်စဉ်တွေ မှော်ဒေသအလိုက် ဖြစ်နေတာကြောင့် ရေမဆေးသမားတွေ အသက်သေဆုံးမှု မကြာခဏ ကြုံတွေ့နေရပါတယ်။

ဖားကန့်မှ နှစ်တိုင်း မြေစာပုံပြိုကျမှုတွေကြောင့် လူတွေ မကြာခဏ သေဆုံးရကြရတာဟာ တာဝန်မဲ့ ကျောက်စိမ်းတူးဖော်တာတွေကို အာဏာပိုင်တွေက အရေးယူဖို့ ပျက်ကွက်လို့ ဖြစ်တယ်ဆိုပြီး နိုင်ငံတကာ သဘာဝသယံဇာတအရေး စောင့်ကြည့်ရေးအဖွဲ့နဲ့ သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်နေသူတွေက ဝေဖန်ထောက်ပြ ပြောဆိုထားပါတယ်။

ဖားကန့်ဒေသမှာ စက်ယန္တရားကြီးတွေ အသုံးပြုပြီး အလွန်အကျွံ ကျောက်စိမ်းတူးဖော်တာနဲ့ စည်းကမ်းမဲ့ မြေစာပုံစွန့်ပစ်တာကြောင့် မြေစာပုံပြိုပြီး လူထိခိုက် သေဆုံးတာတွေ ကြုံရသလို၊ မြေစာတွေ ဥရုချောင်းအတွင်း ကျရောက်တာကြောင့်လည်း နှစ်စဉ် မိုးရာသီမှာ ရေကြီး ရေလျှံတာတွေ ဖြစ်ပေါ်နေရတာလို့ သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်သူတွေက ထောက်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013