DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲနှင့်ပတ်သက်၍ မမှန်မကန် ပြောဆို၊ ရေးသား၊ ဖြန့်ချိမှုများ ဥပဒေနှင့်ငြိစွန်းဟု ကော်မရှင်ကြေညာ 
DVB
·
November 3, 2020
ရွေးကောက်ပွဲနှင့်ပတ်သက်၍ မမှန်မကန် ပြောဆို၊ ရေးသား၊ ဖြန့်ချိမှုများ ဥပဒေနှင့်ငြိစွန်းဟု ကော်မရှင်ကြေညာ 
Donate to DVB

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မမှန်ကန်တဲ့ သတင်းအချက်အလက်တွေ၊ အခြေအမြစ်မရှိတဲ့ သတင်းအချက်အလက်တွေကို ပြောဆို၊ ရေးသား၊ ဖြန့်ချိတာတွေဟာ  ဆန္ဒမဲပေးခြင်း ပျက်ပြားစေရန်ဖြစ်စေ၊ ရွေးကောက်ပွဲ ပျက်ပြားစေရန်ဖြစ်စေ လုပ်ဆောင်ရာရောက်တဲ့အတွက် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၅၈ (ဃ) ပါ ပြဋ္ဌာန်းချက်နဲ့ ငြိစွန်းတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၃ ရက်မှာ အသိပေးကြေညာလိုက်ပါတယ်။

လတ်တလော အသက် ၆၀ ကျော်အရွယ်တွေ ကြိုတင်မဲပေးနေတာနဲ့ ပတ်သက်ပြီး တချို့သောနိုင်ငံရေးပါတီတွေနဲ့ ပါတီ တာဝန်ရှိသူတွေဟာ သတင်းအချက်အလက်တွေ ပြောကြားတာ၊ ရေးသားထုတ်ဝေတာ၊ အွန်လိုင်းကနေတဆင့် ဖေ့စ်ဘွတ်ခ်ပေါ်မှာ ပြောကြား ထုတ်လွှင့်တာတွေ လုပ်နေတယ်လို့ဆိုပါတယ်။

ဒီလိုပြောဆိုရေးသား ထုတ်လွှင့်နေကြတဲ့ သတင်းအချက်အလက်တွေထဲမှာ မှန်ကန်တဲ့ အချက်အလက်တွေပါသလို မဟုတ်မမှန် သတင်းအချက်အလက်တွေ ချဲ့ကားထားတဲ့ သတင်းအချက်အလက်တွေပါဝင်သလို၊  မှန်ကန်တဲ့အချက်အလက်တွေကို ဖုံးကွယ်ပြီး မဲဆန္ဒရှင်ပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်စေတဲ့ အချက်အလက်တွေ၊ ကိုယ်တိုင်တိုက်ရိုက် သိရှိခြင်းမရှိဘဲ ထပ်ဆင့် ကြားသိရတဲ့ အချက်အလက်တွေပါဝင်နေတာ တွေ့ရတယ်လို့လည်း ကော်မရှင်ကဆိုပါတယ်။

လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၅၈ (ဃ) ပါ ပြဋ္ဌာန်းချက်အရ ဆန္ဒမဲပေးခြင်း ပျက်ပြားစေရန် ဖြစ်စေ ရွေးကောက်ပွဲ ပျက်ပြားစေရန်ဖြစ်စေ စည်းဝေးဟောပြောတာ၊ လှုံ့ဆော် ရေးသားဖြန့်ချိတာ၊ ပိုစတာတွေ အသုံးပြုတာနဲ့ တခြားနည်းလမ်းတွေအသုံးပြုတာတွေ ကျူးလွန်ပါက တစ်နှစ်ထက် မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ ကျပ် ၁ သိန်းထက် မပိုတဲ့ ငွေဒဏ်ဖြစ်စေ ဒဏ် ၂ ရပ်လုံးဖြစ်စေ ချမှတ် နိုင်တာဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအတွက် အသက် ၆၀ ကျော်အရွယ် သက်ကြီးရွယ်အိုတွေ နိုင်ငံတဝန်းမှာ ကြိုတင်မဲပေးနေကြတာဖြစ်ပြီး  မဲပေးရာမှာ မဲသမာမှုတွေ၊ ချို့ယွင်းအားနည်းချက်တွေ၊ ဥပဒေပြင်ပ လုပ်ဆောင်ချက်တွေရှိနေတယ်ဆိုပြီး ပြီးခဲ့တဲ့ရက်ပိုင်းမှာ နိုင်ငံရေးပါတီတချို့က ထုတ်ပြန်တာတွေ ရှိခဲ့သလို ပါတီခေါင်းဆောင်တချို့လည်း သတင်းရှင်းလင်းပွဲပြုလုပ်တာ၊ အွန်လိုင်းကနေ ပြောဆို ရေးသားတာတွေ့ရှိခဲ့တာပါ။  

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့  ကြိုတင်မဲပေးရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေ စိန်ခေါ်မှုတွေကို သက်ဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီတွေက အပြုသဘောဆောင်ပြီး မှန်ကန်စွာ ပူးပေါင်းညှိနှိုင်း ဖြေရှင်းပေးနေတာကို ကျေးဇူးတင်တယ်လို့လည်း ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ကြိုတင်မဲ နှစ်ကြိမ်ပေးခဲ့တဲ့ ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ရှော်ချောင်းရွာနေ အလယ်တန်းပြဆရာမ ဒေါ်မိုးမြတ်သူဇာနဲ့  တံဆိပ်တုံးအတုယူဆောင်ပေးခဲ့တဲ့ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် မြို့မ ရပ်ကွက်က ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်းရဲ့ မဲရုံကိုယ်စားလှယ် ဒေါ်အေးမာဝင်း (ခ) မပဲပြားတို့ကိုလည်း လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၅၉ အရ အမှုဖွင့် အရေးယူထားတယ်လို့လည်း ကော်မရှင်က သီးခြားထုတ်ပြန်ထားပါတယ်။

PHOTO-UEC

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013