
မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁,၂၀၂ ယောက်ထဲမှာ ရန်ကုန်တိုင်းက ၉၆၃ ယောက်နဲ့ အများဆုံးပါဝင်တယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနရဲ့ ဒီကနေ့ညနေ ၃ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။
ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ မြောက်ဉက္ကလာ ၁၂၂ ယောက်၊ သန်လျင်အယောက် ၉၀နဲ့ အင်းစိန် ၆၈ ယောက်နဲ့ အများဆုံးတွေ့ရှိခဲ့ပြီး စုစုပေါင်း မြို့နယ် ၄၃ မြို့နယ် ပါဝင်နေတာ ဖြစ်ပါတယ်။
တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေးတိုင်းမြို့နယ် ၁၁ ခုမှာ ၇၇ ယောက်၊ ပဲခူးတိုင်းမြို့နယ် ၇ ခုမှာ ၅၅ ယောက် ၊ မကွေးတိုင်းမြို့နယ် ၂ ခုမှာ ၂ ယောက်၊ ဧရာဝတီတိုင်းမြို့နယ် ၉ ခုမှာ ၅၄ ယောက်၊ စစ်ကိုင်းတိုင်း မြို့နယ် ၅ ခုမှာ ၂၆ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၄ ခုမှာ ၈ ယောက်၊ ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ၇ ယောက်၊ မွန်ပြည်နယ်၊ ဘီးလင်းမြို့မှာ ၅ ယောက်၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ၂ ယောက်၊ ရှမ်းပြည်နယ် မြို့နယ် ၂ ခုမှာ ၂ ယောက်၊ ချင်းပြည်နယ်၊ တွန်းဇံမြို့မှာ ၁ ယောက်စီအသီးသီး တွေ့ရှိခဲ့ပါတယ်။
ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ ၂၅၉ ယောက် ပါဝင်တယ်လို့ ကျန်းမာ ရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၂ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၅၄,၆၀၇ ယောက်၊ သေဆုံးသူ ၁,၂၈၂ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၃၇,၉၅၄ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၇ သန်း ကျော်၊ သေဆုံးသူ ၁ ဒသမ ၂ သန်းနီးပါးနဲ့ ရောဂါသက်သာပျောက်ကင်းသူ ၃၄ သန်း ကျော် ရှိနေပြီ ဖြစ်ပါတယ်။











