DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် မြေစာပုံပြိုကျပြီး ရေမဆေးကျောက်ရှာသူ ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ
DVB
·
November 3, 2020
ဖားကန့်တွင် မြေစာပုံပြိုကျပြီး ရေမဆေးကျောက်ရှာသူ ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊  မော်ဝမ်းကြီးကျေးရွာအနီးမှာ နိုဝင်ဘာလ ၂ ရက် ညနေပိုင်းက မြေစာပုံပြိုကျပြီး  ရေမဆေးကျောက်ရှာသူ ၁ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။

မနေ့ ညနေ ၅ နာရီကျော်က မော်ဝမ်းအုပ်စု မော်ဝမ်းကြီးရွာ နားမှာရှိတဲ့ ကျောက်စိမ်းတာင် ကျောက်မျက်ကုမ္ပဏီလုပ်ကွက်ဟောင်းမှာ မြေစာပုံပြိုကြောင်း ကြားသိရတဲ့အတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့အတူ သွားရောက်ကယ်ဆယ်ခဲ့တယ်လို့  မော်ဝမ်းကြီး ကျေးရွာ ရာအိမ်မှူး ဦးနော်ဆိုင်းက ဒီဗွီဘီကို ပြောပါတယ်။ 

“သူတို့ကလုပ်ကွက်ဟောင်းကမ်းပါးရံကျောက်ခုံမှာတူးကြတာ။ သူတို့အပေါ်မှာ ပေ ၅၀ လောက်မိုးထားတဲ့ မြေစာပုံကြီးရှိတယ်။ အဲဒီမြေစာအောက်က ရွှံ့ခံတွေကပြုတ်ကျပြီး အဲဒီ ကျောက်တူးနေတဲ့ နှစ်ယောက်ကို သွားရိုက်ခတ်တဲ့ပုံစံဖြစ်သွားတော့ နှစ်ယောက်လုံးအောက်ကို ပါသွားတာ။ မိုးကတော့ နည်းနည်းပဲရွာပါတယ်။ သူကကျင်းဟောင်းကို မြေစာပြန်ဖို့တာဆိုတော့ အနယ်တွေပေါ့။ မြေသား မခိုင်ဘူးပေါ့။ အဲဒီမှာ ရွာကလူတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့ကလူတွေနဲ့ ကျနော်တို့ရှာတော့ တစ်ယောက်ကိုတော့ ကျနော်တို့ အချိန်မီဆေးရုံပို့နိုင်ခဲ့တယ်။”

ပြန်တွေ့သူ ၂ ဦးအနက် တစ်ဦးက ပေါင်မှာဒဏ်ရာရပြီး အသက်အန္တရာယ်မစိုးရိမ်ရပေမဲ့  နောက်တစ်ယောက်ကိုတော့ ည ၈ နာရီကျော်မှာ အလောင်းအနေနဲ့ ပြန်တွေ့ပြီး ဂရုဏာ နာရေးကူညီမှုအသင်းကားနဲ့ ဆေးရုံကို ပို့လိုက်တယ်လို့ သိရပါတယ်။

ဒဏ်ရာရသူမှာ အသက် ၄၃ နှစ်ရွယ်ရှိ ဦးဇော်အောင်ဆိုသူဖြစ်ပြီး သေဆုံးသူကတော့ အသက် ၁၉ နှစ်ရွယ်ရှိ မောင်မုန်ဆန်နော်ဖြစ်ကာ နှစ်ဦးလုံး မြစ်ကြီးနားကနေပြီး ဖားကန့်မှာ လာအလုပ်လုပ်နေသူတွေဖြစ်ပါတယ်။ 

ဖားကန့်ဒေသမှာ မြေစာပုံပြိုတာ မကြာခဏဖြစ်လေ့ရှိပေမဲ့ မော်ဝမ်းကြီးရွာမှာတော့ သိပ်မဖြစ်ခဲ့ကြောင်း၊  တာဝန်ရှိသူတွေဘက်ကလည်း အန္တရာယ်ရှိတတ်တဲ့နေရာမှာ ကျောက်မတူးဖို့ သတိပေး ဆိုင်းဘုတ်တွေကပ်ထားတာ၊ ခံဝန်ချက်လက်မှတ်တွေ ထိုးထားတာရှိ ကြောင်း၊ ဒါပေမဲ့ တချို့က စားဝတ်နေရေးအတွက် စွန့်စားရှာဖွေကြတော့ အခန့်မသင့်ရင် အခုလိုဘေးအန္တရာယ်နဲ့ ကြုံရတာလို့ ဦးနော်ဆိုင်းက ပြောပါတယ်။ 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာရှိ ကျောက်မျက်လုပ်ကွက်တစ်ခုမှာ ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းလို့ မြေပြိုကျခဲ့လို့ လူပေါင်း  ၁၇၀ ကျော်သေဆုံးခဲ့ ဖူးပါတယ်။

PHOTO CREDIT- Sun Aung Facebook

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013