
တောင်ဥက္ကလာပမြို့နယ် အမှတ် ၁၅ ရပ်ကွက်၊ မြင်သာ ၁ လမ်းမှာ ဇွန် ၇ ရက် မနက် ၇ နာရီက ဓာတ်လိုက်တာကြောင့် မိခင်ဖြစ်သူ သေဆုံးပြီး သားဖြစ်သူ ဒဏ်ရာရခဲ့ပါတယ်။
မြင်သာ ၁ လမ်းကနေ အိမ်တအိမ်မှာ ဓာတ်အားဝင်နေတဲ့ သွပ်ကြိုးတန်းကို ကိုင်မိရာမှ အမျိုးသမီးတယောက် ဓာတ်လိုက်ခဲ့တာလို့ အဆိုပါလမ်းမှာ နေထိုင်သူတယောက်က DVB ကို ပြောပါတယ်။
“အဝတ်လှန်းနေတဲ့ သွပ်ကြိုးတန်းက မီးကြိုးတွေကပ်နေတော့ သွပ်ကြိုးတန်းကို လျှပ်စစ်ဓာတ်ကူးပြီး အဝတ်လှန်းနေတဲ့အချိန် ဓာတ်လိုက်တာ။ သူ့အမေ ဓာတ်လိုက်တာ မြင်တော့ သူ့သားက ခုံနဲ့ အတင်းတွန်းဖယ်ပြီး ကယ်တယ်။ ဒါပေမဲ့ မရဘူး။ အမေဖြစ်သူ သေသွားတယ်။ သားလည်း ဒဏ်ရာရတယ်။”
ဓာတ်လိုက်ပြီး လဲကျနေတဲ့ သားအမိနှစ်ယောက်ကို မြင်တဲ့ လမ်းသူလမ်းသားတွေဟာ ဆေးရုံပို့နိုင်ဖို့ မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်းကို ဖုန်းဆက် အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။
မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်းက သေဆုံးသူ မိခင်ဖြစ်သူရဲ့ ရုပ်အလောင်းကို သင်္ဃန်းကျွန်း၊ စံပြဆေးရုံကြီးရင်ခွဲရုံကို ပို့ဆောင်ပြီး ဒဏ်ရာရတဲ့ သားဖြစ်သူကို မြောက်ဥက္ကလာပမြို့နယ် ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်ကလည်း တိုက်ကြီးမြို့နယ်၊ တိုက်ကြီး-ဥတိုကားလမ်းမှာ ပျက်ကျတဲ့နေတဲ့ ဓာတ်ကြိုးအနီး ငါးမျှားမိလို့ အမျိုးသားတယောက် ဓာတ်လိုက်ပြီး သေဆုံးခဲ့ပါတယ်။











