
အမေရိကန်ရဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်က ရုရှားနဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ ကူညီနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ ဖုန်းပြောချိန်မှာ ယူကရိန်းသမ္မတ ဇလန်းစကီးက ပြောပါတယ်။
ဇလန်းစကီးဟာ ထရမ့်ပ်ကို ဖုန်းခေါ်ပြီး အမေရိကန်နိုင်ငံ လွတ်လပ်ရေး နှစ်ပေါင်း ၂၅၀ ပြည့်အထိမ်းအမှတ်ဂုဏ်ပြုစကာပြောခဲ့တာဖြစ်ကာ ယူကရိန်းနိုင်ငံကို ကူညီခဲ့မှုတွေအတွက် ကျေးဇူးတင်စကားပြောဆိုခဲ့တယ်လို့ ဆိုရှယ်မီဒီယာ x မှာ ရေးပါတယ်။
ဂျာဗလင်နဲ့ ပက်ထရော့ဒုံးကျည်တွေကစပြီး နိုင်ငံရေးပံ့ပိုးမှုတွေ ပြုလုပ်ပေးခဲ့တဲ့ အမေရိကန်ရဲ့ ပံ့ပိုးကူညီမှုကို ယူကရိန်းက ကျေးဇူးတင်ပါတယ်လို့ ဇလန်းစကီးက ပြောခဲ့တာပါ။
အမေရိကန်နိုင်ငံက ကျနော်တို့ရဲ့ လွတ်လပ်ရေး ကာကွယ်မှုတွေမှာ ရပ်တည်ပေးခဲ့တယ်လို့လည်း သူက ထပ်မံပြောဆိုခဲ့ပါသေးတယ်။
ယူကရိန်း၊ ဥရောပ၊ တခြားနိုင်ငံတွေရဲ့ လွတ်လပ်ရေးနဲ့ပတ်သက်ပြီး ဂရုစိုက်တဲ့ အမေရိကန်နိုင်ငံသားတိုင်းကို ကျေးဇူးတင်ပါတယ်လို့လည်း ဇလန်းစကီးက ပြောပါတယ်။
ရှေ့တန်းစစ်မျက်နှာနဲ့ သံတမန်ရေးအခြေအနေတို့အပါအဝင် ရုရှားနဲ့စစ်ပွဲ အဆုံးသတ်ဖို့ အလားအလာမှာလည်း အမေရိကန်ရဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်က အဓိကကျကြောင်း၊ အန်ကာရာမှာ ပြုလုပ်မဲ့ နေတိုးထိပ်သီးအစည်းအဝေးပွဲမှာ ဆက်ပြီး ဆွေးနွေးမှုတွေပြုလုပ်ဖို့ သဘောတူညီခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
အမေရိကန်ရဲ့ လွတ်လပ်ရေးနေ့ဖြစ်တဲ့ ဇွန် ၄ ရက်မှာ အမေရိကန်ပြည်သူတွေ ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေကြောင်း ဇလန်စကီးက ဆုတောင်းခဲ့ပြီး အမေရိကန်နဲ့ သမ္မတကို ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့တယ်လို့ ရိုက်တာမှာ ဖော်ပြပါတယ်။











