DVB Logo
Home
မြန်မာသတင်း
မလှိုင်တွင် ရှေးဟောင်းရဟန္တာရုပ်ပွားတော် ၃ ဆူ တွေ့ရှိ
DVB
·
November 1, 2020
မလှိုင်တွင် ရှေးဟောင်းရဟန္တာရုပ်ပွားတော် ၃ ဆူ တွေ့ရှိ
Donate to DVB

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ ကမ္ဘားဖြူကျေးရွာအုပ်စု၊ ကမ္ဘားဖြူရွာမှာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ရှေးဟောင်းရုပ်ပွားတော်တွေလို့ ယူဆရတဲ့ ရဟန္တာရုပ်ပွားတော် ၃ ဆူ တွေ့ရှိခဲ့ပါတယ်။

ဒုပညာရေးမှူး ဦးမြင့်ကြိုင်ပိုင်တဲ့ ယာကွက်အတွင်းမှာ နိုဝင်ဘာလ ၁ ရက် မနက်က  တွေ့ရှိခဲ့တာပါ။

တမ္ပဝတီဆရာကြီးဦးဝင်းမောင်က "လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၈၀ လောက်က ရုပ်ပွားတော်တွေ ဖြစ်မယ်။ အမရပူရခေတ်နှောင်းပိုင်း ရတနာပုံခေတ်ဦးပိုင်းလောက်ပေါ့။ မြန်မာနိုင်ငံမှာ ၁၇ ရာစု နှောင်းပိုင်း ညောင်ရမ်းခေတ်လောက်ကတည်းက စကျင်ကျောက်ကို ရုပ်တု ထုလုပ်လာ နိုင်ခဲ့တယ်" လို့ ပြောပါတယ်။

ကမ္ဘားဖြူရွာမှာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးနေဝင်းက "လွန်ခဲ့တဲ့ ၃ ရက်လောက်က မိုးတော်တော်ရွာထားတယ်။ အဲဒီတော့ ရုပ်ပွားတော်ကျောကုန်ပိုင်း ကျောက်သားလေး ပေါ်နေ တယ်။ ဘာပါလိမ့်ဆိုပြီး တူးလိုက်တာ ဘေးတိုက်အနေအထားအတိုင်း ရုပ်ပွားတော် ၃ ဆူ တွေ့တာပါ။ ပတ်ဝန်းကျင်ကို တူးဆွရှာပေမဲ့ ထပ်မတွေ့တော့ဘူး။ ဆရာကြီးဦးမြင့်ကြိုင်က အဲဒီမြေကွက်ကို အခြားနည်းသုံးစွဲခွင့်တင်ထားတယ်။ ပြန်မကျသေးတော့ ဘာမှမလုပ်သေးဘဲ သစ်ပင်လေးတွေစိုက်နေတယ်။ ရွာထဲက အသက် ၈၀ လောက်ရှိတဲ့ အဘိုးအဘွားတွေ မေးကြည့်တော့ သူတို့ တသက်မှာ အခုရုပ်ပွားတော်တွေ့တဲ့နေရာမှာ ဘာသာသာသနာနဲ့ ပတ်သက်တဲ့ စေတီအဆောက်အအုံ တခုမှမရှိခဲ့ဘူးလို့ ပြောကြတယ်။ မြို့နယ်သံဃနာယက ဆရာတော်တွေရဲ့ အမိန့်ကိုခံယူပြီးမှ ဘာဆက်လုပ်ရမယ် ဆိုတာ ပြောနိုင်မယ်" လို့ ပြောပါတယ်။

ဒုပညာရေးမှူး ဦးမြင့်ကြိုင်ဟာ စည်းရိုးပတ်ပတ်လည်မှာ စန္ဒကူးအပင်၊ တရုတ်စကားပင်တွေ စိုက်ပျိုးဖို့ မြေကျင်းတူးရာက ရဟန္တာရုပ်ပွားတော် ၃ ဆူကို တွေ့ရှိခဲ့တာပါ။

ဉာဏ်တော်အမြင့် လက်မ ၃၀ ရှိပြီး သပိတ်တော်ပိုက်ထားတဲ့ ပုံတော်ကို စကျင်ကျောက်နဲ့ ထုလုပ်ထားပါတယ်။

မတ်တပ်ရုပ်ပွားတော်များဖြစ်ပြီး အောက်အခြေမှာ အရှင်မောဂ္ဂလာန်၊ အရှင်ကောဏ္ဍည အရှင်ရေဝတလို့ စာတန်းထိုးတွေထိုးထားပြီး တနေရာရာမှာ စိုက်ထူဖို့ ကျောက်သားအပိုတွေလည်း ပါပါတယ်။

မောင်မောင်လင်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013