DVB Logo
Home
မြန်မာသတင်း
ပေါင် မဲရုံနှစ်ခုတွင် ဝန်ကြီးညွှန်ကြားချက်ဖြင့်တပ်ခဲ့သည့် CCTV ကင်မရာများ ပြန်ဖြုတ်သိမ်း
DVB
·
October 31, 2020
ပေါင် မဲရုံနှစ်ခုတွင် ဝန်ကြီးညွှန်ကြားချက်ဖြင့်တပ်ခဲ့သည့် CCTV ကင်မရာများ ပြန်ဖြုတ်သိမ်း
Donate to DVB

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ထဲက ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံး ၂ ခုမှာ ကြိုတင်မဲပုံးတွေ လုံခြုံမှုရှိစေဖို့ဆိုပြီး ဝန်ကြီးတဦးရဲ့ ညွှန်ကြားမှုနဲ့ အောက်တိုဘာ ၃၀ ရက်နေ့က လာရောက်တပ်ဆင်ခဲ့တဲ့ CCTV ကင်မရာကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ပြန်လည်ဖြုတ်သိမ်းခဲ့ကြတယ်လို့ သိရပါတယ်။

ပေါင်မြို့နယ် ကဒါရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့ မုတ္တမကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံး တွေမှာ CCTV ကင်မရာတွေ တပ်ဆင်ခဲ့တာလို့ ကဒါရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းထွေးက ပြောပါတယ်။

“မနေ့က ၁၁ နာရီလောက် ဝန်ကြီး ဦးထွန်းမင်းအောင်ရုံးကိုရောက်လာပြီး မဲပုံးတွေ ပိုမိုလုံခြုံဖို့အတွက် CCTV ကင်မရာ တပ်ဆင်ပေးမယ်လို့ပြောသွားပါတယ်။ နေ့လယ် ၁၂ နာရီကျော်လောက်မှာ ကောင်လေး ၃ ယောက်ရောက်လာပြီး တပ်သွားကြပါတယ်။ ဒါနဲ့ ကျနော်လည်း မြို့နယ်ကော်မရှင်ရုံးကို အကြောင်းကြားလိုက်တော့ ညနေ ၆ နာရီလောက်မှာ ကော်မရှင်အဖွဲ့နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့တွေ ရောက်လာပြီး ပြန်ဖြုတ်သွားကြတာပါ။”

ရွေးကောက်ပွဲအတွက် အောက်တိုဘာ ၂၉ ရက်နေ့ကစပြီး အသက် ၆၀ နဲ့အထက် မဲဆန္ဒရှင်တွေရဲ့ ဆန္ဒမဲလက်မှတ်ကြိုတင်မဲပုံးတွေ လုံခြုံမှုရှိစေဖို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးတွေမှာ သော့ခတ်သိမ်းထားပြီး ရပ်ကျေးကော်မရှင်အဖွဲ့တွေ၊ အထူးရဲတွေနဲ့ စောင့်ကြပ်နေသလို နိုင်ငံရေးပါတီတွေလည်း လုံခြုံရေးအတွက် လာရောက်စောင့်ကြည့်နေကြတယ်လို့ ပေါင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးအောင်က ပြောပါတယ်။

“အခုလိုလုပ် ဆောင်သွားတာက ရွေးကောက်ပွဲကော်မရှင်အဖွဲ့တွေရဲ့ လုပ်ဆောင်မှုအပေါ် မယုံကြည်လို့ လုပ်သွားတာလို့ မြင်ပါတယ်။ ကော်မရှင်အဖွဲ့နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံညှိနှိုင်းပြီးမှ စီမံချက်ရေးဆွဲဆောင်ရွက်ခဲ့တဲ့အပေါ် ဝန်ကြီးတစ်ယောက်အနေနဲ့ရော၊ လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ယောက်အနေနဲ့ပါ အယုံအကြည်မရှိသလို မဆောင်ရွက်သင့်ဘူး။”

ကဒါရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရဲ့ နောက်ဖေးတံခါး လုံခြုံမှုမရှိတာ၊ ရုံးတည်နေရာ ကျဉ်းမြောင်းတဲ့အတွက် ကိုယ်စားလှယ်တွေ ညအိပ်စောင့်ဖို့ အဆင်မပြေတာ၊ CCTV တပ်ဆင်နိုင်ဖို့ ကိုယ်စားလှယ်တွေတောင်းဆိုတာနဲ့ မဲဆန္ဒရှင်ပြည်သူ တိုက်တွန်းမှုတွေကြောင့် အခုလိုတပ်ဆင်ရတာလို့ မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးထွန်းမင်းအောင်က သူ့ဖေ့စ်ဘွတ်ခ်ကတဆင့် ပြောပါတယ်။

ဝန်ကြီး ဦးထွန်းမင်းအောင်ဟာ လာမယ့်ရွေးကောက်ပွဲမှာ ပေါင်မြို့နယ် ပြည်နယ်လွှတ်တော် အမှတ် ၁ မဲဆန္ဒနယ်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013