
နေပြည်တော်က အခုနှစ် အတာသင်္ကြန်ပွဲတော် သင်္ကြန်ဗဟိုမဏ္ဍပ်တွေမှာ CCTV ကင်မရာတွေ တပ်ဆင်ဖို့ စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ နေပြည်တော်အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်တဲ့သူတွေဆီက သိရပါတယ်။
အခုနှစ် မဟာသင်္ကြန်ပွဲတော်မှာ စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော်ထဲက သက်ဆိုင်ရာ တာဝန်ရှိသူတွေ အဓိက လာရောက်ပြီး မဏ္ဍပ်ဖွင့်လှစ်ပွဲလုပ်ပေးမဲ့ ဗဟိုသင်္ကြန်မဏ္ဍပ်တွေမှာ CCTV ကင်မရာတွေ တပ်ဆင်ကာ လုံခြုံရေးအလေးထားလုပ်ဆောင်ဖို့ စစ်ကောင်စီက ညွှန်ကြားထားတာလို့ သိရပါတယ်။
ထွေအုပ်ရုံးဝန်ထမ်းတွေနဲ့ နီးစပ်သူတယောက်က “ဗဟိုအစိုးရအဖွဲ့က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွေကို ညွှန်ကြားထားတာလို့ သိရပါတယ်။ တာဝန်ရှိသူတွေ ဖွင့်ပွဲလုပ်မဲ့ ဗဟိုသင်္ကြန်မဏ္ဍပ်တွေမှာ လုံခြုံရေးကို ပိုမိုအလေးထားလုပ်ဖို့ ညွှန်ကြားတာလို့ သိရပါတယ်။ ပြည်သူ့လုံခြုံရေးအဖွဲ့တွေအပြင် တပ်နဲ့ ရဲက အဓိက လုံခြုံရေးတာဝန် ယူပေးရမယ်လို့လည်း သိရပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက အခုနှစ် သင်္ကြန်ပွဲကို အထူးစည်ကားစေဖို့ ဌာနဆိုင်ရာဝန်ထမ်းတွေကို သက်ဆိုင်ရာ ဌာနအကြီးအကဲတွေ ကြီးကြပ်လမ်းညွှန်မှုနဲ့ ဌာနအလိုက် ယိမ်းအဖွဲ့တွေဖွဲ့ဖို့၊ မဏ္ဍပ်ထိုင်ရေကစားဖို့၊ လမ်းလျှောက်သင်္ကြန်မှာ ဌာနအလိုက် ရေကစားဖို့ပါ ညွှန်ကြားထားတယ်လို့ သိရပါတယ်။
နေပြည်တော်က ဌာနဆိုင်ရာ အစိုးရဝန်ထမ်းတယောက်က “ကြည့်ရတာတော့ တက်လာမဲ့ အစိုးရအဖွဲ့ကို အနှောင့်အယှက်မဖြစ်စေဖို့ ကာကွယ်တာလို့ ထင်ပါတယ်။ တပ်ချုပ်က အစိုးရသစ်နဲ့ သင်္ကြန်ပွဲလုပ်မယ် ပြောထားတာလေ။ အခု နေပြည်တော်မှာ သင်္ကြန်အတွက် ဝန်ထမ်းတွေက အလုပ်တွေ ကြိုလုပ်ပေးနေရပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက နေပြည်တော်မှာ အခုနှစ် မဟာသင်္ကြန်ပွဲတော်ကို အရင်နှစ်တွေကထက် ပိုမိုစည်ကားစေဖို့ဆိုကာ မတ်လ ဒုတိယအပတ်က စတင်ပြင်ဆင်နေပြီး လမ်းလျှောက်သင်္ကြန်မဏ္ဍပ်တွေကို စတင်ဆောက်လုပ်နေပြီလို့ သိရပါတယ်။
ဒါ့အပြင် နေပြည်တော်မှာ လာမဲ့ သင်္ကြန်ကာလ လုံခြုံရေးကို စစ်ကောင်စီတပ် အပါအဝင် တိုင်း၊ ခရိုင်၊ မြို့နယ် ရပ်/ကျေးအထိ ကော်မတီဖွဲ့စည်းကာ အထူးသတိထား ကျင်းပလုပ်ဆောင်ကြဖို့ မှာကြားထားတယ်လို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။










