
ရန်ကုန်မြို့က မြောက်ဒဂုံ၊ မင်္ဂလာဒုံနဲ့ မြောက်ဥက္ကလာပမြို့နယ်တို့က ရပ်ကွက်ရုံးတွေကို ဒီဇင်ဘာလကစလို့ CCTV မတပ်မနေရ နှုတ်မိန့်ထုတ်ထားပြီး ရုံးလုံခြုံရေးအတွက် အလှည့်ကျ ကင်းစောင့်ခိုင်းထားခြင်းခံနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ရပ်ကွက်ရုံးတခုမှာ ရုံးအပြင်ဘက် CCTV ၃ လုံးနဲ့ ရုံးတွင်း ၂ လုံး စုစုပေါင်း ၅ လုံးအထိ တပ်ဆင်ထားနေကြသလို လျှပ်စစ်မီးပြတ်တောက်ချိန်အတွက် Power station (မီးအားပေးစက်) တွေပါ ပါဝင်နေပါတယ်။
နှုတ်မိန့်ကို စစ်ကောင်စီတပ် ဗျူဟာမှူးဆိုသူတွေက ထုတ်ထားပေမဲ့ CCTV တပ်ဆင် ဝယ်ယူခ တွေအတွက် ရန်ပုံငွေ ထုတ်ပေးထားခြင်းမျိုး မရှိပါဘူး။
မြောက်ဒဂုံမြို့ခံတယောက်က “ကင်းပတ်တာကလေ ပထမက ရပ်ကွက်အတွက်လို့ပဲ ခေါ်တာ။ နောက်မှ ရပ်ကွက်ရုံးအတွက်လို့ သိရတာ။ ညပိုင်းဆို ရပ်ကွက်လူကြီးတွေ ရုံးထဲမှာပဲ အိပ်ကြတာ။ အိမ်မပြန်ကြဘူး” လို့ ပြောပါတယ်။
CCTV ၅ လုံးစာနဲ့ ဆက်စပ်ပစ္စည်းတွေ ဝယ်ယူဖို့အတွက် ရပ်ကွက်အတွင်းက လောင်းကစားဒိုင်တွေအပါအဝင် တပ်ထောက်ခံသူတွေဆီက အဓိကကောက်ခံနေတယ်လို့ သိရပါတယ်။
လုံခြုံရေးအကြောင်းပြချက်နဲ့ ကင်းလှည့်နေရတဲ့ အဖွဲ့တွေမှာ ဘေးတွဲမောင်းသူတွေအပြင် လမ်းသွယ်တွေဆီကနေ တလမ်းတဦးနှုန်းနဲ့ ပါဝင်နေကြပြီး ညနေ ၆ နာရီကနေ နောက်မနက် ၆ နာရီအထိ ကင်းစောင့်ပေးနေကြရပါတယ်။
မြောက်ဥက္ကလာမြို့ခံတယောက်က “တဖွဲ့မှာ ပုံသေ ၅ ယောက်။ လိုတိုးပိုလျှော့နဲ့ဆို အားလုံး ၇ ယောက်။ တည ၃ ယောက်ကျတဲ့ အဖွဲ့ဆို လမ်း ၃ လမ်းက ယောကျ်ားလေးတယောက်ဆီ လာစောင့်ပေးရတယ်။ လောလောဆယ် ဒီ ၁၂ လပိုင်းအထိ စာရင်းထွက်ထားတယ်” လို့ ပြောပါတယ်။
ကင်းလှည့်တာကို ရဲနဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေ မပါဝင်ပေမဲ့ ရပ်ကွက်ရုံးအဖွဲ့ဝင်တယောက်၊ ရပ်ကွက်နေသူတွေနဲ့ ဘေးတွဲမောင်းသူတွေကို အဓိကအသုံးချနေတဲ့အပြင် ရုံးတွေအတွင်းမှာ ထိပ်တုံးတွေ ပြန်လည်သုံးစွဲနေတယ်လို့ သိရပါတယ်။










