DVB Logo
Home
မြန်မာသတင်း
ပုသိမ်ရှိစက်ရုံများ ၁ လကျော် ပိတ်ထားသဖြင့် အလုပ်သမားများ စားဝတ်နေရေး ခက်ခဲ
DVB
·
October 31, 2020
ပုသိမ်ရှိစက်ရုံများ ၁ လကျော် ပိတ်ထားသဖြင့် အလုပ်သမားများ စားဝတ်နေရေး ခက်ခဲ
Donate to DVB

ဧရာဝတီတိုင်း ပုသိမ်မြို့မှာ ကိုဗစ်-၁၉ ကပ်ရောဂါကာလ စက်ရုံတွေ ၁ လကျော် ပိတ်ထားရတဲ့အတွက် အလုပ်သမားတွေ စားဝတ်နေရေးအခက်အခဲ ရှိလာတယ်လို့ သိရပါတယ်။

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေတဲ့အတွက် အထည်ချုပ်စက်ရုံအားလုံးကို စက်တင်ဘာ ၂၄ ရက်ကနေ စတင်ကာ ဧရာဝတီတိုင်းအစိုးရက ယာယီပိတ်သိမ်းစေခဲ့တာဖြစ်ပါတယ်။

ဒီလိုမျိုး အထည်ချုပ်စက်ရုံတွေကို ယာယီပိတ်စေခဲ့တဲ့အပြင် နယ်ကလာ အလုပ်လုပ်တဲ့ သူတွေကို အိမ်မပြန်ဖို့တားမြစ်ခဲ့တာကြောင့် အလုပ်သမားတွေအတွက် စားဝတ်နေရေး အခက်အခဲ ရှိလာတယ်လို့ အလုပ်သမားတွေက DVB ကို ပြောပါတယ်။

ပုသိမ်စက်မှုဇုန် Amava Apparel စက်ရုံသမဂ္ဂ ခေါင်းဆောင်ဖြစ်တဲ့ မအိမွန်စိုးက "အလုပ်သမားတွေက လစာအပြည့်မရတာတွေ အိမ်ပြန်ခွင့်မရတာတွေကြောင့် ခုဆို ထမင်းစားရ  ဖို့တောင် တော်တော်အခက်အခဲရှိလာပါတယ်၊ ဒီလကုန်ရင် အဆောင်လခ ပေးဖို့တောင် တော်တော်ကြိုးစားရမယ်" လို့ ပြောပါတယ်။

ပိတ်ထားတဲ့ရက်တွေအတွက် အလုပ်သမားတွေ လစာအပြည့်အဝ မရခဲ့သလို လူမှုဖူလုံကြေးလည်း မရရှိသေးတာကြောင့် စားဝတ်နေရေးနဲ့ အဆောင်စရိတ်ပေးဖို့ အခက်အခဲတွေ ရှိလာတယ်လို့ ဆိုပါတယ်။

အထည်ချုပ်စက်ရုံတွေပိတ်လို့ အိမ်ပြန်ခွင့်မရသူတွေနေတဲ့ အဆောင်တွေက အဆောင်စရိတ် လျော့ပေးတာမရှိသလို ရက်စောင့်ပေးတာမရှိတဲ့ အဆောင်များတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ဧရာဝတီတိုင်းမှာရှိတဲ့ အထည်ချုပ်စက်ရုံ ၁၂ ရုံကို အစိုးရတာဝန်ရှိသူတွေ စစ်ဆေးတဲ့အခါ စက်ရုံ ၁၁ ရုံက A အဆင့် ရတဲ့အတွက် ပြန်လည်ဖွင့်လှစ်ခွင့်ပြုပေးဖို့ နေပြည်တော်မှာရှိတဲ့ အမျိုးသားအဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေး ကော်မတီကို တင်ပြထားတယ်လို့ သိရပါတယ်။

စက်ရုံတွေပြန်လည်ဖွင့်လှစ်ဖို့အတွက် အမျိုးသားအဆင့် ကိုဗစ်ကော်မတီကို တင်ပြထားပေမယ့် ယာယီပိတ်ရက် ၁ လကျော်ကြာလာတဲ့အချိန်ထိ ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးတာလည်း ဖြစ်ပါတယ်။

မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013