DVB Logo
Home
မြန်မာသတင်း
စနဲမြို့အနီး တပ်မတော်ယာဉ်မိုင်းဆွဲခံရပြီးနောက် သံသယဖြင့် ဖမ်းထားသူ ၂ ဦးကို အမှုဖွင့်
DVB
·
October 29, 2020
စနဲမြို့အနီး တပ်မတော်ယာဉ်မိုင်းဆွဲခံရပြီးနောက် သံသယဖြင့် ဖမ်းထားသူ ၂ ဦးကို အမှုဖွင့်
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် စနဲမြို့အနီးမှာ တပ်မတော်ယာဉ်မိုင်းဆွဲခံရပြီးနောက် သံသယနဲ့ ဖမ်းဆီးထားသူ ၂ ဦးကို  အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ ကျောက်ဖြူမြို့မရဲစခန်းက ပြောပါတယ်။

စနဲမြို့အနီးမှာ အောက်တိုဘာ ၂၁ ရက် မနက်က တောင်မော်ကြီး ရေတပ်စခန်းကိုသွားတဲ့ တပ်မတော်ယာဉ် ၁ စီး မိုင်းဆွဲခံရပြီး တပ်မတော်သားအချို့ကျဆုံးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် တပ်မတော်က နယ်မြေလုံခြုံရေး လုပ်ဆောင်နေစဉ် နေ့လယ် ၁ နာရီကျော်မှာ မသင်္ကာသူ ၂ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးထားသူ ၂ ဦးကို တပ်မတော်က အောက်တိုဘာ ၂၆ ရက်နေ့ညနေက ကျောက်ဖြူမြို့မရဲစခန်းကို ပို့ဆောင်ကာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေတွေနဲ့ အမှုဖွင့်လှစ်ထားတာလို့ ကျောက်ဖြူမြို့မရဲစခန်း တာဝန်ရှိသူ ၁ ဦးက ဒီဗွီဘီကို ပြောပါတယ်။

“အောက်တိုဘာလ ၂၆ ရက်နေ့က ညနေမှာ လာပို့တာပါ၊ သူတို့ကိုတော့ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)(ဈ)(ည)/၅၂(က) ပေါ့။ တယောက်က မိုးပျံ (ခ) မောင်မောင်ချေ၊ နောက်တစ်ယောက်ကတော့ အောင်မိုးလွင်(ခ) ညီညီတို့ နှစ်ဦးပါ။”

ဖမ်းဆီးအမှုဖွင့်ခံရသူ ကိုအောင်မိုးလွင်အတွက် မိသားစုဝင်တွေ စိုးရိမ်နေကြတယ်လို့ ဦးလေးဖြစ်သူ ဦးခင်မောင်စိုးက ပြောပါတယ်။

“ကျနော့်တူက ဆိုင်ကယ်ကယ်ရီမောင်းတယ်၊ အဲဒီနေ့က ပထမ သူ့အစ်ကိုက ဒွေးချရွာကို လိုက်ပို့ခိုင်းလို့ လိုက်ပို့တယ်။ အဲဒီမှာ မိုးပျံနဲ့တွေ့ပြီးတော့ စနဲမှာ အရက်ဝယ်သွားဖို့ ခေါ်လို့ လိုက်သွားခဲ့တယ်။ ညနေထိပြန်မရောက်လာလို့ မိသားစုတွေက စုံစမ်းကြည့်တော့မှ ဖမ်းဆီးခံရတာကို သိတာပါ။ အခုဆိုရင် အဘိုး၊ အဘွားတွေကလည်း သူပြန်မရောက်လာလို့ အရမ်းကို စိုးရိမ်နေကြတာပေါ့။ အဖိုးအဘွားတွေက အသက်လည်းကြီးနေပြီ၊ ကျန်းမာရေးကလည်း မကောင်းကြဘူး၊ ဖြစ်နိုင်ရင်ပြန်လွှတ်ပေးစေချင်တယ်” လို့ ပြောပါတယ်။

ကျောက်ဖြူမြို့နယ်မှာ ၂၀၂၀ မေလနောက်ပိုင်းကစပြီး အေအေနဲ့ဆက်စပ်တယ်ဆိုပြီး သံသယနဲ့ ဖမ်းဆီးခံရသူ ၅၀ လောက်ရှိပြီး တချို့ကို ပြန်လည်လွှတ်ပေးခဲ့ကာ အမှုဖွင့်လှစ် တရားစွဲဆိုခံနေရသူက ၃၀ ဝန်းကျင်လောက်ရှိတယ်လို့ သိရပါတယ်။

နောင်နောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013