
အာဖရိကရဲ့ လူဦးရေအများဆုံးနိုင်ငံ နိုင်ဂျီးရီးယားမှာ မေလကစပြီး တတိယအကြိမ်မြောက် အစုလိုက်အပြုံလိုက် ကျောင်းသားတွေ ပြန်ပေးဆွဲခံခဲ့ရပါတယ်။
နိုင်ဂျီးရီးယားအရှေ့မြောက်ပိုင်းက ကျောင်းတကျောင်းမှာ သေနတ်သမားတွေက ကျောင်းသားတွေ ကို ပြန်ပေးဆွဲပြီးတဲ့နောက် ကလေး ၃၆ ယောက်ထက်မနည်းနဲ့ ဝန်ထမ်းတယောက် ပျောက်ဆုံး နေပါတယ်။
ဘော်နိုပြည်နယ်၊ လာဆာမြို့က အစိုးရအလယ်တန်းကျောင်းရဲ့ စာသင်ခန်းတွေမှာ စားပွဲခုံတွေနဲ့ ကျောင်းလွယ်အိတ်တွေ ပြန့်ကျဲနေခဲ့တာပါ။
ပြည်လုံးကျွတ် စာမေးပွဲတခုအတွင်း ကျောင်းသားတွေ အဖမ်းခံခဲ့ရပြီး စာမေးပွဲစာရွက်တွေ ကြမ်းပြင်ပေါ်မှာ ကျန်နေခဲ့ပါတယ်။
မိဘတွေနဲ့ အသိုက်အဝန်း ဒါဇင်ပေါင်းများစွာလည်း ဇွန် ၃၀ ရက်မှာ ဆန္ဒပြပွဲအတွက် စုဝေးခဲ့ ကြပါတယ်။
ကျောင်းသားတွေ လွတ်မြောက်ရေးနဲ့ ဒေသတွင်း မလုံခြုံမှုတွေကို အဆုံးသတ်ရေး ဘော်နိုအုပ်ချုပ်ရေးမှူး ဘာဘာဂါနာ ဇူလမ်ကို တောင်းဆိုတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ထား ခဲ့ကြပါတယ်။
“ကျမတို့ကိုယ်တိုင် ဘာမှလုပ်လို့မရပါဘူး။ ကျမတို့ရဲ့ ကလေးတွေကို ကယ်တင်ဖို့ အစိုးရကို တောင်းပန်နေပါတယ်” လို့ ပြန်ပေးဆွဲခံရတဲ့ ကလေးတယောက်ရဲ့ မိခင် မာရီယာ တီမိုသီက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
ပြန်ပေးဆွဲခံရပြီးကတည်းက မိသားစုတွေ ဝမ်းနည်းပူဆွေးနေရတယ်လို့ တီမိုသီက ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း ဒဏ်ရာရခဲ့တဲ့ ဆရာတယောက် အိမ်နီးချင်း အဒါမာဝါပြည်နယ်ဆေးရုံက အထူးကြပ်မတ်ကုသဆောင်မှာ ကုသမှုခံယူနေပြီး အစိုးရအရာရှိတွေက သူ့ဆီ ဇူလိုင် ၁ ရက်မှာ သွားခဲ့ကြပါတယ်။
အခု ပြန်ပေးဆွဲမှုဟာ နိုင်ဂျီးရီးယားမြောက်ပိုင်းက ကျောင်းတွေကို ပစ်မှတ်ထားတဲ့ အစုလိုက် အပြုံလိုက် ပြန်ပေးဆွဲမှုတွေထဲက နောက်ဆုံးဖြစ်ရပ်ဖြစ်ပြီး လက်နက်ကိုင်အဖွဲ့တွေက မကြာသေးမီနှစ်တွေအတွင်း ကျောင်းသားရာပေါင်းများစွာကို ဖမ်းဆီးခဲ့ကြပါတယ်။
Source: Reuters











