
ဆော်ဒီအာရေဗျ ကျောထောက်နောက်ခံပြု ယီမင်အစိုးရတပ်တွေက ပင်လယ်နီတောင်ဘက်စွန်းမှာ ရှိတဲ့ ဘာ့ဘ် အယ်လ် မန်ဒပ် ရေလက်ကြားကို “လုံခြုံအောင်လုပ်နိုင်ပြီ” လို့ အောက်တိုဘာ ၅ ရက်မှာ ကြေညာပါတယ်။
ဒါဟာ အီရန်ကျောထောက်နောက်ခံပြု ဟူသီအဖွဲ့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ပြန်သိမ်းဖို့ စတင်ထားတဲ့ Operation Yemen Dawn စစ်ဆင်ရေးရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။
ယီမင်အစိုးရတပ်ဘက်က National Shield၊ Giants Brigades နဲ့ Tihama Resistance တပ်ဖွဲ့တွေဟာ ဆော်ဒီလေကြောင်းတိုက်ခိုက်မှု အကူအညီနဲ့ Mokha မြို့ကို သိမ်းယူခဲ့တယ်လို့ ပြောပါတယ်။
ဒါပေမဲ့ ရိုက်တာနဲ့ AFP ကိုပြောတဲ့ အစိုးရနဲ့ စစ်ဘက်သတင်းရင်းမြစ်တွေက တပ်တွေဟာ Mokha မြို့အစွန်အဖျားအထိပဲ ရောက်သေးတယ်လို့ ဆိုပါတယ်။
အစိုးရတပ်တွေ ဘယ်လောက်အထိ နယ်မြေပြန်ရထားသလဲဆိုတာ အတည်ပြုဖို့တော့ ခက်ခဲ နေပါတယ်။
အစိုးရတပ်တွေက ဘာ့ဘ် အယ်လ် မန်ဒပ်အနီး Dhubab လေယာဉ်ကွင်းကိုလည်း သိမ်းထားပြီး ဟူသီတပ်တွေ နောက်ဆုတ်နေတယ်လို့ အစိုးရဘက်က ပြောပါတယ်။
ဆော်ဒီ ဦးဆောင်တဲ့ မဟာမိတ်တပ်ကတော့ ယီမင်အစိုးရတပ်တွေကို လေကြောင်းကနေ အချိန်ပြည့် ထောက်ပံ့နေပြီး စစ်ဆင်ရေး စတင်ချိန်ကတည်းက အရေးကြီးပစ်မှတ် ၃၂၄ ခုကို ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
ဟူသီဘက်ကလည်း ဆော်ဒီအာရေဗျက လေဆိပ်၊ ရေနံစက်ရုံနဲ့ စစ်စခန်းတွေကို ဒုံးကျည်၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ကြေညာထားပါတယ်။
ဘာ့ဘ် အယ်လ် မန်ဒပ်ဟာ ပင်လယ်နီနဲ့ အာရေဗျပင်လယ်ကို ဆက်သွယ်ပေးတဲ့ ကမ္ဘာ့အရေးကြီး ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းတခုဖြစ်ပြီး ယီမင်တိုက်ပွဲတွေကြောင့် ရေနံဈေးကွက် အပေါ်ပါ သက်ရောက်မှုတွေ ရှိနေပါတယ်။
Source: Reuters











